(၅-၉-၂၀၂၃) နံနက်ခင်းပိုင်း အာဆင်နယ် သတင်းတိုများ

၁။ ယခုတစ်ပတ်နိုင်ငံတကာပွဲစဉ် ရက်သတ္တပတ်မှာ အာဆင်နယ်အသင်းက ကစားသမား ၁၆ ဦးအထိ သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေထံ စေလွှတ်ပေးခဲ့ရကြောင်း သိရပါတယ်။ နိုင်ငံ့လက်ရွေးစင်အသင်းတွေနဲ့ သွားရောက်ပူးပေါင်းရမယ့် အာဆင်နယ်ကစားသမားတွေကတော့ အက်ဒီ နကီတီယာ၊ ဒက်ကလန် ရိုက်၊ ဘူကာယို ဆာကာ၊ အာရွန် ရမ်းစ်ဒေးလ် (အင်္ဂလန်) ၊ အိုလက်ဇန်ဒါ ဇင်ချန်ကို (ယူကရိန်း) ၊ တကီဟီရို တိုမီယဆု (ဂျပန်) ၊ ကိုင် ဟာဗက်ဇ် (ဂျာမနီ) ၊ ဂါဘရီယယ် ဂျီဇူး၊ ဂါဘရီယယ် မာတင်နယ်လီ၊ ဂါဘရီယယ် မဂါဟေးစ် (ဘရာဇီးလ်) ၊ ကားလ် ဟိန်း (အက်စတိုးနီးယား) ၊ ယာကွတ် ကီဝီယော (ပိုလန်) ၊ မာတင် အိုဒီဂတ် (နော်ဝေ) ၊ ဝီလီယံ ဆာလီဘား (ပြင်သစ်) ၊  ဒေးဗစ် ရာယာ (စပိန်) နဲ့ လီအန်ဒရို ထရော့ဆက် (ဘယ်လ်ဂျီယံ) တို့ပဲ ဖြစ်ကြပါတယ်။

၂။ တော့တင်ဟမ် ဂန္တဝင်ဟောင်း ဂါ့သ် ခရွတ်ကတော့ အာဆင်နယ်လိုဂိုကို နမ်းရှုပ်အောင်ပွဲခံခဲ့တဲ့ ဒက်ကလန် ရိုက်စ်ရဲ့ အပြုအမူကို မုန်းတီရွံ့ရှာဖွယ်ရာ လုပ်ရပ်လို့ ဝေဖန်လိုက်ပါတယ်။ “ဝက်စ်ဟမ်းနဲ့ ယူရိုပါ ကွန်းဖရန့်စ်ဖလား ယူပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ သူ့ကို အာဆင်နယ်ဂျာစီနဲ့ မြင်ခဲ့ရတယ်။ ဒါက မုန်းတီးစရာ ကောင်းလှပါတယ်။ သူ့အနေနဲ့ အာဆင်နယ်ကို ရောက်လာချိန်မှာ ခြေစွမ်းတွေ တည်ငြိမ်ပြနေခဲ့သလို ခုဆို အရေးပါတဲ့ပွဲစဉ်မှာ အနိုင်ဂိုးသွင်းပြီး ရင်ဘတ်တံဆိပ်ကိုတောင် နမ်းပြီး အောင်ပွဲခံပြနေပြန်ပါတယ်။ ဒါက တကယ်မုန်းစရာကောင်းပါတယ်။” လို့ ခရွတ်စ်က BBC Sports ကို ပြောခဲ့တာဖြစ်ပါတယ်။

၃။ တိုက်စစ်မှူး ဂျီဇူးကတော့ မန်ယူနဲ့ပွဲစဉ်တုန်းက ပြိုင်ဘက်ကစားသမား ဂနာချိုရဲ့သွင်းဂိုးကို လူကျွံဘောသတ်မှတ်ပြီး ပယ်ဖျက်ပေးခဲ့တာမှန်ပေမယ့် အဆိုပါအခြေအနေမတိုင်ခင်မှာကတည်းက သူ့အနေနဲ့ ပြစ်ဒါဏ်ကျူးလွန်ခံထားရတာမို့ ဒိုင်အနေနဲ့ ပွဲကိုရပ်တန့်ခဲ့သင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဂျီဇူးကတော့ အဆိုပါ သွင်းဂိုးသာ လူကျွံဘောမဖြစ်ခဲ့ရင် သူတို့အသင်းနစ်နာသွားနိုင်တယ်လို့ ယူဆနေပြီး ဒိုင်ဖြစ်သူရဲ့ ဆုံးဖြတ်ချက်တစ်ချို့ဟာ မှားယွင်းမှုတွေရှိခဲ့တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

၄။ မီခယ် အာတီတာကတော့ အသင်းက ကွင်းလယ်လူ ဖေဘီယို ဗီအာရာဟာ ယမန်နှစ်ကနဲ့ မတူတော့ပဲ သိသာစွာ တိုးတက်လာခဲ့ပြီဖြစ်ကြောင်းနဲ့ သူ့ရဲ့ရင့်ကျက်တည်ငြိမ်မှုတွေဟာ အသင်းအပေါ် အကျိုးဖြစ်ထွန်းစေကြောင်း ချီးမွမ်းစကားဆိုသွားခဲ့ပါတယ်။ “ဖေဘီယိုမှာ ပြောင်းလဲသွားတာတွေ ရှိပါတယ်။ သူ မနှစ်တုန်းကနဲ့ မတူတော့ဘူးဆိုတာကို ပရိတ်သတ်တွေလည်း သတိထားမိမယ်ထင်ပါတယ်။ သူက ပိုပြီး တည်ငြိမ်ရင့်ကျက်လာပြီ၊ စီနီယာကစားသမားနဲ့ ပိုတူလာပြီ။ ယုံကြည်မှုလည်း ပိုတက်လာပြီ။ သူ့လို ရွေးချယ်စရာ ကစားသမားမျိုးကို ပိုင်ဆိုင်ခွင့်ရလို့ ကျွန်တော် ဝမ်းသာမိပါတယ်” လို့ စပိန်သားက ဆိုသွားခဲ့တာပါ။

၅။ အာဆင်နယ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဒက်ကလန် ရိုက်စ်ကတော့ မြင့်မားတဲ့ပြောင်းရွှေ့ကြေးပမာဏဟာ သူ့ကို ဖိအားမဖြစ်စေဘူးလို့ ပြောဆိုလိုက်ပါတယ်။ သူ့အနေနဲ့ ပြောင်းရွှေ့ကြေး ပမာဏတွေကို ထိမ်းချုပ်လို့မရကြောင်းနဲ့ သူ့ဘက်က လုပ်ဆောင်လို့ရတာက ပြောင်းရွှေ့ကြေးပမာဏနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး အကောင်းဆုံးပြသနိုင်အောင်လုပ်ဖို့သာဖြစ်ကြောင်း ၎င်းက ပြောခဲ့ပါတယ်။

၆။ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ မန်ယူနဲ့ပွဲစဉ်မှာ ဂိုးပေါက်နဲ့ ကိုက်အနည်းငယ်အကွာကနေ အပိုင်ကန်သွင်းခွင့်ရပေမယ့် ဘောလုံးလွဲချော်ခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူ ကိုင် ဟားဗက်ဇ်ဟာ အလွန်အမင်း ယုံကြည်မှုကျဆင်းနေတာဖြစ်တယ်လို့ သုံးသပ်ပြောဆိုသွားပါတယ်။ “ဘောလုံးသမားတွေလဲ လွဲချော်နိုင်ပါတယ်။ ဂိုးပေါက်ပေါ် ကျော်သွားအောင် ကန်မိတတ်ကြတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ခုအခြေအနေမှာတော့ သူက ဘောလုံးကို သေချာထိမ်းပြီး သေချာတည်ကန်ချိန်မှာ ဘောလုံးမထိလိုက်တာဗျ။ ကျွန်တော် ဒါမျိုးမမြင်ဖူးတော့တာ နှစ်တွေ ဘယ်လောက်တောင်ကြာနေပြီလဲ မသိတော့ဘူး။ သူဒီလိုဖြစ်သွားရတဲ့အကြောင်းအရင်းက သူ့ကိုယ်သူ ယုံကြည်ချက်ပြန်ရဖို့ ရုံးကန်နေရတာကြောင့်ပါပဲ” လို့ အိုဝင်က မှတ်ချက်ပြုခဲ့ပါတယ်။

Leave a Reply