(၆-၁၀-၂၀၂၃) ညနေခင်းပိုင်း အာဆင်နယ် သတင်းတိုများ

၁။ အာဆင်နယ်အသင်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းက ခံစစ်မှူး ဟိုဆေး မာရီယာ-ဂျီမီနက်ဇ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ လာလီဂါသတင်းရပ်ဝန်းက အသံထွက်လာပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အဆိုပါကစားသမားကို ခေါ်ယူဖို့ အာဆင်နယ်အသင်းအပြင် မန်ယူ၊ ရီးရဲလ်နဲ့ ဘာစီလိုနာတို့ကလည်း စိတ်ဝင်စားနေပြီး အက်သလက်တီကိုဘက်ကတော့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပမာဏတစ်ရပ် ရရှိဖို့ မျှော်လင့်နေပါတယ်။

၂။ ဂန္တဝင်ဟောင်း သီယာရီ အွန်နရီကတော့ လန်းစ်နဲ့ပွဲစဉ်က ခံစစ်မှူး ဝီလီယံ ဆာလီဘားရဲ့ ခြေစွမ်းအပေါ် မေးခွန်းထုတ်လိုက်ပြီး အာဆင်နယ်အသင်း ပေးလိုက်ရတဲ့ သွင်းဂိုး ၂ ဂိုးလုံးမှာ ဆာလီဘားရဲ့ ခံစစ်ကစားပုံ အားနည်းချက်နဲ့ ပတ်သက်နေခဲ့ကြောင်း ထောက်ပြဝေဖန်သွားခဲ့ပါတယ်။ အထူးသဖြင့် ဝါဟီရဲ့ အနိုင်ဂိုးမှာ ဆာလီဘားရဲ့ ခုခံပုံဟာ အတော်လေး အားနည်းလွန်းခဲ့တယ်လို့ အွန်နရီက မှတ်ချက်ပြုခဲ့ပါတယ်။

၃။ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ကတော့ အသင်းမှာ ခြေစွမ်းထက်မြက်တဲ့ ကစားသမားကောင်းတွေ အများကြီးရှိနေပေမယ့် ဘူကာယို ဆာကာရဲ့ နေရာကို အစားထိုးနိုင်ဖို့တော့ မလွယ်ကူတာ အမှန်ပဲလို့ မှတ်ချက်ပြုသွားပါတယ်။ ဆာကာတစ်ယောက် လန်းစ်နဲ့ပွဲစဉ်မှာ ထိခိုက်ဒါဏ်ရာရရှိသွားခဲ့တာမှန်ပေမယ့် အဆိုပါဒါဏ်ရာ မပြင်းထန်ဖို့ မျှော်လင့်ကြောင်းနဲ့ ရှေ့လာမယ့်ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုသွားပါတယ်။

၄။ အာဆင်နယ် ကွင်းလယ်လူဟောင်းနဲ့ ပရီးမီးယားလိဂ်ရဲ့ နည်းစနစ်ပိုင်း သုံးသပ်သူတစ်ဦးလည်းဖြစ်သူ အေဒရီယန် ကလာ့ခ်ကတော့ အက်ဒီ နကီတီယာဟာ အဆုံးသတ်စွမ်းဆောင်ရည်ပိုင်းမှာ ပြဿနာရှိနေပေမယ့်လည်း လက်ရှိ အာဆင်နယ်အသင်းမှာ ခြေစွမ်းအကောင်းဆုံး တိုက်စစ်မှူးတစ်ဦး ဖြစ်နေကြောင်း မှတ်ချက်ပြုသွားခဲ့ပါတယ်။

၅။ ထိပ်တန်းသတင်းထောက် ဘန် ဂျကော့ဘ်ရဲ့ အဆိုအရ အာဆင်နယ်အသင်းက ခံစစ်မှူး ဘန်ဝှိုက်ကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ကြိုးပမ်းနေတာဟာ ကစားသမားကို အသင်းမှာ ကာလရှည်ဆက်လက်ထိမ်းသိမ်းထားဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းကြောင့်မဟုတ်ပဲ အဆိုပါကစားသမားဟာ အသင်းအတွက် အရေးပါပြီး တန်ဖိုးဖြတ်မရတဲ့ ကစားသမားတစ်ဦးဖြစ်တယ်ဆိုတာကို ပိုမိုခံစားမိစေဖို့ ရည်ရွယ်လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။  အာဆင်နယ်အသင်းကမ်းလှမ်းထားတဲ့ စာချုပ်သစ်မှာ ဘန်ဝှိုက်ကို တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ ထက်မနည်းတဲ့ လစာမျိုးပေးချေသွားမယ်ဆိုတဲ့အချက်နဲ့ ဆုကြေးငွေ အမြောက်အများ ပါဝင်နေကြောင်း သိရပါတယ်။

၆။ ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကတော့ လန်းစ်ကို အရေးနိမ့်ခဲ့တာဟာ သူတို့အသင်းသားတွေကိုယ်တိုင်ရဲ့ အားနည်းချက်တွေကြောင့်သာဖြစ်တာမို့ လာမယ့်ပွဲစဉ်တွေမှာ အဆိုပါအမှားတွေကို ပြင်ဆင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် သူတို့အသင်းဟာ လက်ရှိကာလမှာ ဟန်ချက်ညီညွတ်အောင် စတင်အားထုတ်နေဆဲအချိန်ဖြစ်ကြောင်းနဲ့ ဟန်ချက်ညီညီ ကစားလာနိုင်ချိန်မှာ ပိုကောင်းတဲ့ ပိုတည်ငြိမ်တဲ့ ခြေစွမ်းမျိုးကို ပြသလာနိုင်မှာဖြစ်ကြောင်းလည်း ပြောသွားပါတယ်။

Leave a Reply