
လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်အတွင်းဖြတ်သန်းခဲ့တဲ့ အာဆင်နယ်အသင်းဟာ ကစားကွက်လှပညက်ညောမှုကို အခြေခံပြီး အနုပညာဆန်တဲ့ ကစားဟန်မျိုးနဲ့ ကစားခဲ့တဲ့ အသင်းတစ်သင်းပါ။ ဒါကြောင့်လည်း အာဆင်နယ်ပရိတ်သတ်တိုင်းဟာ အာဆင်နယ်ကစားကွက်ဆိုရင် အချိတ်အဆက်မိမှုတွေ၊ လှပညက်ညောမှုတွေနဲ့ တိုင်းထွာတတ်ကြပါတယ်။
ဒါပေမယ့် ၁၉၉၆ ခုနှစ်မတိုင်ခင် ၁၉၈၀-၉၀ ခုလွန်နှစ်တွေက အာဆင်နယ်အသင်းကတော့ အာဆင်းဝင်းဂါးခေတ် အာဆင်နယ်အသင်းနဲ့ ဆန့်ကျင်ဘက်အသင်းဖြစ်ပါတယ်။ ခံစစ်ကို လွန်လွန်ကဲကဲအားပြုပြီး ၁ ဂိုးရတာနဲ့ ပိတ်ကန်တတ်တာကြောင့် One-Nil To The Arsenal ဒါမှမဟုတ် Boring, Boring Arsenal လို့ လှောင်ပြောင်ခံခဲ့ရဖူးတဲ့ အသင်းဖြစ်ပါတယ်။

ခုချိန်မှာတော့ အာဆင်နယ်အသင်းရဲ့ကစားပုံကို ၉၀ ခုလွန်နှစ်တွေက အသင်းဟောင်းနဲ့ ပြန်လည်နှိုင်းယှဉ်နေတာမျိုးတွေ ရှိလာနေပါတယ်။ BBC Sport ရဲ့ သုံးသပ်သူ နေးလ် လန်နွန်ကတော့ လက်ရှိနည်းပြ မီခယ် အာတီတာလက်အောက်က အာဆင်နယ်အသင်းဟာ တချိန်တုန်းက ဂျော့ဂျ် ဂရေဟမ်ရဲ့ Boring, Boring Arsenal နဲ့ ဆင်တူနေပြီလို့ သုံးသပ်သွားခဲ့တာပါ။
အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ နော်ဝစ်ချ်၊ ဘန်လေတို့နဲ့ ပွဲစဉ်တွေမှာ ၁-၀ ရလဒ်တွေနဲ့သာ အနိုင်ယူနိုင်ခဲ့ပြီး တန်းဆင်းဇုံတိုက်ပွဲဝင်နေတဲ့အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပေမယ့် ကစားကွက်ပိုင်းကလည်း ဆွဲဆောင်မှုမရှိခဲ့ပါဘူး။ ရလဒ်ဆိုးတွေကနေ ရုံးထွက်ပြီး Clean Sheet ၂ ပွဲဆက်နဲ့နိုင်ပွဲတွေ ပြန်လည်ရယူနိုင်ခဲ့ပေမယ့်လည်း ပရိတ်သတ်တစ်ချို့ကတော့ လက်ရှိအသင်းရဲ့ ကစားပုံကို အားမလိုအားမရဖြစ်နေကြပါတယ်။

လန်နွန်ကလည်း “ဘန်လေနဲ့ပွဲက ၃ မှတ်က အာဆင်နယ်အတွက် တကယ်အရေးပါတဲ့ အမှတ်တွေပါ။ ဘန်လေက ၄၅ မိနစ်စာလောက် ဖြုန်းတီးပစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သူတို့ပိုကောင်းလာပါတယ်။ ဒါပေမယ့် တစ်ပွဲလုံးခြုံကြည့်ရင် သူတို့ အာဆင်နယ်ကို အနိုင်ယူနိုင်မယ့်နည်းလမ်း ရှာမတွေ့ခဲ့ပါဘူး။ အာဆင်နယ်ကတော့ ဂိုးသမားလက်စွမ်းပြတယ်၊ နောက်ထပ် Clean Sheet နဲ့ နိုင်ပွဲထပ်ရတယ်။ ကစားကွက်မလှဘူး။ ဟိုတချိန်တုန်းက ဂရေဟမ်ရဲ့ အာဆင်နယ်ကို ပြန်သတိရမိပါသေးတယ်။ အာဆင်နယ်အဟောင်း ပြန်လာပါပြီ” လို့ လန်နွန်က ဆိုသွားပါတယ်။
ကျွမ်းကျင်သူတွေကတော့ အာဆင်နယ်အသင်းရဲ့ လက်တလောအခြေအနေဟာ ကစားကွက်လှပဖို့ထက် အနိုင် ၃ မှတ်ကို မဖြစ်မနေစုဆောင်းနိုင်ဖို့ အသည်းအသန်လိုအပ်နေတဲ့ အနေအထားဖြစ်ကြောင်း သုံးသပ်ထားကြပြီး စပိန်သာဖြစ်သလို အာဆင်းဝင်းဂါးနဲ့ ဂွာဒီယိုလာတို့ရဲ့ တပည့်ဟောင်းဖြစ်တဲ့ လက်ရှိနည်းပြ အာတီတာအနေနဲ့လည်း ရလဒ်တွေတည်ငြိမ်လာချိန်မှာ ဆွဲဆောင်မှုရှိတဲ့ ကစားကွက်မျိုးကို ဖန်တီးဖို့ ကြိုးပမ်းမှာသေချာတယ်လို့လည်း သုံးသပ်နေကြပါတယ်။
Source: TBR, Mirror, BBC