လူတိုင်းအပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းဆက်ဆံသွားချင်ကြတာချည်းပါပဲ။ တစ်ခါတစ်ရံမှာ ကိုယ်ဘေးနားမှာ အပေါင်းအသင်းမရှိတာမျိုး ရှိနေလျက်နဲ့ ကိုယ့်အပေါ် မခင်မင်သလိုမျိုး ခံစားမိလာနေပြီဆိုရင် တွေးစရာတွေရှိလာပါပြီ။
သင်ဘာတွေ အားနည်းနေလဲ။ ဘယ်လို အကျင့်စရိုက်တွေရှိနေလို့ သင့်ကို လူတွေက မခင်မင်ကြတော့တာလဲဆိုတာမျိုးကို ပြန်သုံးသပ်ဖို့လိုလာပြီပေါ့။
အောက်မှာဖော်ပြထားတဲ့အ ချက်တွေထဲက ဘယ်အချက်တွေနဲ့များ ကိုက်ညီနေလို့ သင့်ကို မိတ်ဆွေတွေက မခင်ကြတော့တာများလားဆိုတာကို ဆန်းစစ်ကြည့်ပါဦး။
သင်က ပေါင်းသင်းဆက်ဆံရခက်ခဲလို့ – သူငယ်ချင်းတွေက ခင်ခင်မင်မင် ပြောဆိုဆက်ဆံတာ၊ သွားလာလည်ပတ်တာမျိုးလုပ်ချင်ကြတယ်။ ဒါပေမယ့် သင်ကိုယ်တိုင်က ရှောင်လွှဲနေတာမျိုး၊ ခနခနပျက်ကွက်နေတာမျိုးတွေ လုပ်မိနေရင် ဘယ်သူမှ ပေါင်းသင်းချင်ကြတော့မှာမဟုတ်ပါဘူး။
မကောင်းမြင်တတ်လွန်းလို့ – လူတကာကို အပြစ်မြင်တတ်နေရင် လူတွေက သင့်ကို သဘောကျကြမှာမဟုတ်ပါဘူး။ လူတိုင်းကို လိုက်ဝေဖန်နေရင်တော့ လူတွေက ရှောင်ဖယ်လာကြပါလိမ့်မယ်။
ပျင်းစရာဖြစ်နေလို့ – ပျင်းရိငြီးငွေ့ဖွယ် အပြုအမူမျိုးတွေနဲ့ပဲ ဆက်ဆံနေမိတဲ့သူမျိုးဖြစ်နေပြီလား ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ။
တစ်ကိုယ်ကောင်းဆန်လွန်းလို့ – တစ်ဖက်သားအတွက် ဘယ်တော့မှ မစဉ်းစားပေးပဲ တစ်ကိုယ်ကောင်းဆန်လွန်းနေတယ်ဆိုရင်လည်း လူတကာရှောင်ဖယ်တာခံရပါလိမ့်မယ်။
လူမှုရေးနားမလည်လို့ – တစ်ချို့တွေက အရိပ် သုံးပါး နားမလည်ပဲ ပြောချင်ရစွတ်ပြောတတ်ပါတယ်။ ဒီလို အမူအကျင့်မျိုးတွေရှိနေရင်လည်း သင့်ကို လူတွေက သဘောကျကြမှာမဟုတ်ပါဘူး။

အော်ကြီးဟစ်ကျယ်နေတတ်လို့ – တစ်ချို့က အော်ဟစ်ရယ်မောနေပြီး ဘယ်အခြေအနေမှာမဆို အော်ဟစ်ဆူညံနေတတ်တယ်။ ဒီအကျင့်မျိုးက တစ်ဘက်သားကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
ဘယ်သူ့ကိုမှ မယုံလို့ – တစ်ချို့လူတွေက ကိုယ့်ပတ်ဝန်းကျင်က လူတွေကို အလိုလိုနေရင်း မယုံမကြည်ဖြစ်နေတတ်ပါတယ်။ ဒီလို စိတ်မျိုးရှိနေရင် သူနဲ့ ခင်မင်ရင်းနှီးသူတွေမှာလည်း စိတ်အနှောင့်အယှက်ဖြစ်ကြရမှာပါ။
အပျင်းကြီးလို့ – တစ်ခုခုဆိုရင် လေးဖင့်နှေးကန်နေပြီး ဘာကိုမှ တက်တက်ကြွကြွမရှိ ရေသာခို အချောင်လိုက်နေမယ်ဆိုရင် သင့်ကို ဘယ်သူမှ ခင်ချင်တော့မှာမဟုတ်ဘူး။
စိတ်ထားမကောင်းလို့ – တကယ်စိတ်ရင်းမှန်နဲ့ ရိုးရိုးသားသား ခင်မင်နေတာဟုတ်ရဲ့လား ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ ကိုယ်တိုင်က အကျိုးကျေးဇူးတစ်စုံတစ်ရာ အလိုရှိလို့ ပေါင်းသင်းနေသူဆိုရင်တော့ တခြားလူတွေက စိတ်ရင်းနဲ့မခင်ကြတာ မထူးဆန်းပါဘူး။
အပေါင်းအသင်းလွဲမှားနေလို့ – တစ်ခါတစ်လေကျ ကိုယ်ကပျော်ချင်လို့ ပေါင်းသင်းတဲ့ သူငယ်ချင်းမိတ်ဆွေတွေဖြစ်ပေမယ့် အကျင့်စရိုက်နဲ့ ဝါသနာမတူရင် ဘယ်လိုမှ ပေါင်းစပ်လို့မရနိုင်ပါဘူး။