
ခရီးတစ်ခု ထွက်တော့မယ်ဆိုရင် ဘယ်သူနဲ့ သွားဖို့ အရင်ဆုံး စဉ်းစားတတ်ကြသလဲ။ လေ့လာချက်တွေအရတော့ လူတွေဟာ ခရီးတိုတွေကို သူငယ်ချင်းတွေနဲ့ သွားတတ်ကြပြီး ခရီးရှည်တွေကို မိသားစုဝင်တွေ၊ လက်တွဲဖော်တွေနဲ့ သွားတတ်ကြပါတယ်တဲ့။ ဒါ့အပြင် ချစ်ရသူနဲ့လည်း ခရီးသွားပါ လို့ တိုက်တွန်းချင်ပါတယ်။
ခုချိန်မှာ ကိုယ်လည်း ခရီးသွားမယ်၊ အပန်းဖြေမယ်လို့ တွေးထားတယ်ဆိုပါတော့။ ဘယ်လိုသွားကြမလဲ? ဘယ်သူတွေနဲ့သွားကြမလဲ? ဒီဆောင်းပါးမှာတော့ ကိုယ်ချစ်ခင်မြတ်နိုးရတဲ့ တစ်စုံတစ်ယောက်နဲ့ ခရီးသွားတာဟာ ဘယ်လောက်တောင် ကောင်းမွန်တဲ့ ကိစ္စလဲဆိုတာကို ပြောပြပေးသွားမှာပါ။
တစ်ချို့ကတော့ တွေးတတ်ကြပါတယ်။ ချစ်ရသူနဲ့ ခရီးသွားတယ်လို့ ပြောလိုက်တာနဲ့ အိပ်ယာထဲက လိင်ကိစ္စပဲ ခေါင်းထဲ ပြေးပြေးမြင်တတ်ကြတာမျိုးပေါ့။ ဒါပေမယ့် တကယ်တမ်း ကိုယ့်ရဲ့ ရင်ဘတ်တစ်ခြမ်းနဲ့ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ခရီးတွေ ထွက်ကြတယ်ဆိုတာ လိင်ကိစ္စရည်ရွယ်ချက်ကြီးကြောင့် မဟုတ်ပါဘူး။ နှစ်ဦးအကြားထားရှိထားတဲ့ သံယောဇဉ်အမြစ်လေးတွေ ခိုင်မာလာစေဖို့ ရေလောင်းပေါင်းသင်ပေး ရုံသက်သက်ရယ်ပါ။
ချစ်သူနဲ့ ခရီးသွားပါ ၊ အကျိုးရှိပါတယ်
ကိုယ်ချစ်ခင် နှစ်သက်ရသူနဲ့ ခရီးသွားတဲ့အခါ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ။ သိချင်နေပြီမဟုတ်လား။
- ပိုခိုင်မာတဲ့ ဆက်ဆံရေးမျိုးရလာမယ်
အတူခရီးသွားကြတဲ့အခါ တယောက်နဲ့ တယောက် ပိုနီးစပ်လာမယ်၊ အပြန်အလှန် ယုံကြည်မှု နားလည်မှုပိုတည်ဆောက်နိုင်မယ်။ တချို့ဆက်ဆံရေးတွေ နားလည်မှုတွေက အတူခရီးသွားကြည့်ရင်း တည်ဆောက်မှ ပိုအဆင်ပြေတာမျိုးတွေလေ။
- နှစ်ဦးအကြားက လိင်ကိစ္စမှာ ပိုကောင်းမွန်တဲ့ နီးစပ်မျိုးရလာမယ်
နှစ်ယောက်တည်း အတူခရီးသွားပြီဆိုတဲ့အခါ လိင်ကိစ္စက တစ်စိတ်တစ်ပိုင်းအားဖြင့်တော့ ပါဝင်လာတတ်ပါတယ်။ တစ်စိတ်တစ်ပိုင်းလို့ ဆိုရတဲ့အကြောင်းက ချစ်သူ နှစ်ဦး အတူခရီးသွားတိုင်း၊ အိပ်ယာ ခုတင် တစ်လုံးတည်း အတူအိပ်ဖြစ်တိုင်း လိင်ကိစ္စရှိနေလိမ့်မယ်လို့ ယူဆလို့ မရတာကြောင့်ပါ။ အရမ်းပင်ပန်းတဲ့၊ Schedule အရမ်းစိတ်တဲ့ ခရီးမျိုးတွေသွားတဲ့ စုံတွဲတွေရဲ့ ၇၂% ဟာ လိင်ကိစ္စအတွက် အချိန်တောင် မရတတ်ကြပါဘူးလို့ ဆိုကြပါတယ်။

- အခက်အခဲတွေကို အတူတကွ ဘယ်လိုဖြတ်သန်းရမလဲဆိုတာကို လေ့လာနိုင်မယ်
အခက်ခဲဆုံးအချိန်မှာ ဘယ်သူက ဘယ်လို ရင်ဆိုင်လဲ၊ အတူရောရှိနေရဲ့လား၊ တကိုယ်ကောင်းရော ဆန်သွားကြလားဆိုတာ ခရီးသွားကြည့်မှ သိပါလိမ့်မယ်။
- တစ်ယောက်အကြိုက် တစ်ယောက်ပိုသိလာမယ်
ဟုတ်တယ် ခရီးသွားကြည့်မှ သူဘာကြိုက်တယ်၊ ကိုယ်ဘာကြိုက်တယ် ပိုပြီးသိလာနိုင်တယ်။ ကိုယ့်အကြိုက်ကို ပါးစပ်နဲ့ ချ ရွတ်ပြနေတာထက် တစ်ယောက်နားမှာ တစ်ယောက်ရှိနေချိန်မှာ အော် သူဒါကြိုက်တတ်ပါလားဆိုတာမျိုး သိသွားတာက ဦးနှောက်ထဲမှာ ပိုပြီးစွဲထင်နေစေပါလိမ့်မယ်။
- ပုန်းကွယ်နေတဲ့ အရည်အသွေးတွေကို မြင်လာမယ်
တခါတလေ ကိုယ်ကိုယ်တိုင်တောင် သတိမထားမိတဲ့ အရည်အသွေးတွေကို ကိုယ့်ချစ်သူက မြင်နိုင်ပါတယ်။ ခရီးတွေထွက်ကြရင်း အခိုက်အတန့်လေးတွေကို အတူဖြတ်သန်းကြရင်း ဒါတွေကို ပိုနားလည်နိုင် သိမြင်လာနိုင်ပါလိမ့်မယ်။
- ကျန်းမာရေး ပိုကောင်းမယ်
ခရီးသွားတဲ့အခါ စိတ်ဖိစီးမှုတွေ လျော့မယ်။ ကိုယ်ခံအားစနစ်လည်း ကောင်းမယ်၊ ဦးနှောက်နဲ့ နှလုံးလည်း ကျန်းမာမယ်။ လှုပ်လှုပ်ရှားရှားသွားလာရတဲ့ Trekking လို ခရီးစဉ်တွေသွားရင် ကိုယ်အလေးချိန်တောင် ကျနိုင်သေးတယ်။
- ကိုယ့်ချစ်သူက ဘယ်လို လူမျိုးလဲဆိုတာ ပိုနားလည်လာမယ်
လူတစ်ယောက်ရဲ့ အတွင်းစိတ်သဏ္ဍာန်နဲ့ အပြုအမူတွေ၊ အလေ့အထတွေကို ပေါင်းသင်းကြည့်မှ ပိုသိနားလည်မှာပါ။ အနီးကပ်ခရီးထွက်ရချိန်တွေဟာ လူတစ်ယောက်ရဲ့ စိတ်နေသဘောထားကို လေ့လာဖို့ အကောင်းဆုံးနဲ့ အမြန်ဆံုံးနည်းလမ်းပါပဲ။
- ကိုယ့်ချစ်သူက အခက်အခဲတွေကို ဘယ်လိုကိုင်တွယ် တတ်လဲဆိုတာ သိလာမယ်
အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းနဲ့ ပုံစံက လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတတ်ကြပါဘူး။ ခရီးတွေ ထွက်တဲ့အခါ တစ်ခါမဟုတ် တစ်ခါတော့ အခက်အခဲတွေ မကြာခနကြုံရတတ်ပါတယ်။ ဒီလိုအချိန်တွေမှာ ကိုယ့်ရင်ဘတ်တစ်ခြမ်းက ဘယ်လို တွေးတယ်၊ ဘယ်လိုတုန့်ပြန်တယ်၊ ဘယ်လိုဖြေရှင်းတယ်ဆိုတာကို ချက်ခြင်းသိလာပါလိမ့်မယ်။

- အတားအဆီးတွေ ကြုံလာချိန်မှာ ဘယ်လို အတူပူးပေါင်းဖြေရှင်းရမလဲ သိလာမယ်
တချို့က တသီးတခြားနေတတ်ပါတယ်။ ပြဿနာတွေကိုလည်း တသီးတခြား ဖြေရှင်းတတ်ပါတယ်။ ခရီးတွေသွားတဲ့အခါ ဒီလိုလူတွေအနေနဲ့လည်း တစ်ဖက်က ပါလာသူနဲ့ ညှိနှိုင်းလုပ်ဖို့ မဖြစ်မနေလိုအပ်လာပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သား ပူးပေါင်းပြီး ပြဿနာတွေ ဘယ်လိုဖြေရှင်းကြရမလဲဆိုတာကို ပိုပိုသိနားလည်လာမှာပါ။
- ငွေသုံးစွဲတဲ့ အလေ့အကျင့်နဲ့ ပတ်သက်ပြီး သိလာမယ်
ကိုယ့်ချစ်သူက ငွေသုံးကြမ်းသူလား၊ လက်ဖွာသူလား၊ ကပ်စေကုပ်သူလားဆိုတာကိုတော့ လူအများစုက အကြမ်းဖျဉ်းသိထားတတ်ကြပါတယ်။ ဒါပေမယ့် တချို့က ဟန်ဆောင်နေတာဖြစ်နိုင်ပါတယ်။ တကယ်တမ်း ခရီးသွားကြည့်ချိန်မှာ အဲ့လိုအကျင့်တွေ အမှန်တကယ်ပေါ်လာတတ်ပါတယ်။
- လွတ်လပ် ပျော်ရွှင်မှုကို ခံစားရမယ်
အရေးအကြီးဆုံး အချက်ပါပဲ။ အတူတူ ပျော်ရွှင်မှုကို မျှဝေခံစားကြရမှာပါ။ ချစ်သူနဲ့ အတူသွားကြတဲ့ ခရီးစဉ်တွေဟာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ သွားရတဲ့ ခရီးစဉ်တွေလောက်တော့ စိတ်မပင်ပန်းရတတ်ပါဘူး။ လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုကို ပြည့်ပြည့်ဝဝရတတ်တာများပါတယ်။ ဒါကြောင့်လည်း မင်္ဂလာဆောင်ပြီးချိန်မှာ Honeymoon ခရီးသွားကြတဲ့ ဓလေ့လေးပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒီလိုခရီးမျိုးတွေဟာ ချစ်သူနှစ်ဦးအတွက် အမှတ်တရတွေဖြစ်နေမှာပါ။
သေချာတာကတော့ ဒီလိုခရီးတွေ ထွက်ပြီးတဲ့အခါမျိုးမှာ ကိုယ့်ဘေးက လက်တွဲဖော်ဟာ ကိုယ်နဲ့ သင့်လျော်တဲ့ ပုဂ္ဂိုလ် ဟုတ်မဟုတ် နားလည်လာမှာဖြစ်ပါတယ်။ တစ်ချို့သော အမူအကျင့်တွေဟာ ပြုပြင်လို့ရနိုင်တယ်၊ တချို့ကတော့ ကိုယ်က ပြန်ပြီးနားလည်ပေးရမယ်၊ စသဖြင့် ပိုပြီးနားလည်လာပါလိမ့်မယ်။ တယောက်အကြောင်း တယောက်သိလာမယ်၊ တယောက်နဲ့ တယောက်နားလည်လာမယ်ဆိုရင် အနှီပုဂ္ဂိုလ်နှစ်ဦးအကြားက တွဲလက်တွေလည်း ပိုမိုခိုင်မလာမှာ မလွဲ ဧကန်ပါပဲ။
ဒါကြောင့် ပြောတာပါ။ ဒီအချိန်မှာ ခရီးသွားဖို့ တွေးထားတယ်ဆိုပါစို့ ကိုယ်ရဲ့ ရင်ဘတ်တစ်ခြမ်းဟာ ကိုယ်နဲ့ ခရီးသွားဖို့ အသင့်လျော်ဆုံး သူဖြစ်ပါတယ်လို့။
စကားလက်ဆောင်ပေးရမယ်ဆိုရင်တော့ ဆရာဇော်ဇော်အောင်ရဲ့ “ယုဇနပင်နဲ့ မခင်ပျို” ဝတ္ထုတိုလေးထဲက စကားစုလေးတစ်ခု ပြောပြချင်ပါသေးတယ်။ “မခင်ပျို၊ ကျွန်တော့်လက်ကို ရဲရဲတွဲပါ၊ ချစ်တယ်ဆိုတာ လက်ချင်းတွဲပြီး ရည်ရွယ်ချက်မရှိပဲ လမ်းလျှောက်ခြင်း တစ်မျိုးပဲလို့ ကြားဖူးတယ်” တဲ့။
ကဲ ခုပဲ ကိုယ့်ဘေးက ချစ်သူရဲ့လက်ကို ကောက်ကိုင်လိုက်ပါ။ ပြီးရင် ကိုယ်အသွားချင်ဆုံးနေရာကို ရွေးချယ်ပြီး လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး သွားကြည့်လိုက်ပါနော်။