
ခုလောလောဆယ်မှာ လူတိုင်း စိတ်ဝင်စားနေမယ့် ကိစ္စက ကိုဗစ် ကာကွယ်ဆေး ထိုးဖို့ ဟုတ်။ ကျန်းမာတဲ့သူကတော့ ဆေးအမျိုးအစားကို ရွေးချယ် ထိုးရုံဆိုပေမယ့် ရောဂါ ရှိနေသူကတော့ ဆေးအမျိုးအစားထက် ရောဂါနဲ့ တည့်ပါ့မလားဆိုတာပါ။
ကိုယ်ခံအား နည်းလို့ ကာကွယ်ဆေး ထိုးချင်ပေမယ့် HIV ပိုးနဲ့ ကိုဗစ် ကာကွယ်ဆေးက တည့်ပါ့မလားဆိုပြီး စိတ်ပူနေသူတွေများရှိလား။ ဒါဆိုရင် ဆောင်းပါးလေး ဖတ်ကြည့်လိုက်ပါနော်။
HIV ပိုး ရှိသူတွေ ကိုဗစ် ကာကွယ်ဆေးထိုးလို့ ဖြစ်ပါ့မလား
အဖြေကတော့ ဟုတ် ….. ကာကွယ်ဆေး ထိုးလို့ ရပါတယ်။ ကိုဗစ်ကာကွယ်ဆေးက HIV ပိုးရှိသူတွေအတွက်လည်း စိတ်ချရပြီး ထိရောက်တဲ့ ကာကွယ်မှုကို ပေးပါတယ်။
ဒီလိုပြောရတာက ကိုဗစ် ကာကွယ်ဆေးကို ထုတ်လုပ်စဉ်ကတည်းက ရောဂါ ပြင်းထန်မှုနဲ့ သေဆုံးမှုတွေကနေ ကာကွယ်ဖို့ဆိုပြီး ရည်ရွယ်ထုတ်လုပ်ထားတာပါ။ နောက်တစ်ချက်က ကာကွယ်ဆေးကို ထုတ်လုပ်စဉ်မှာလည်း HIV ပိုးရှိသူတွေအတွက်ပါ ထည့်သွင်းစဉ်းစားမှုတွေ လုပ်ဆောင်ထားပါတယ်။
ကမ္ဘာ အနှံ့အပြားမှာ ကာကွယ်ဆေးတွေကို ထိုးနှံနေကြပြီ ဖြစ်သလို HIV ပိုး ရှိသူတွေလည်း အခြားသူတွေ နည်းတူ ကာကွယ်ဆေးတွေ ထိုးနှံနေကြပါတယ်။ လက်ရှိကာလအထိ ထိခိုက်မှု တစ်စုံတရာ ဖြစ်တာမျိုး မရှိသေးပါဘူး။

ကိုဗစ် ကာကွယ်ဆေးကို ဘယ်လိုထုတ်ထားတာလဲ
ကိုဗစ် ကာကွယ်ဆေး အများစုမှာ COVID-19 ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ် ဖြစ်တဲ့ SARS-CoV-2 ရဲ့ မျိုးဗီဇ တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ သေဆုံးပြီးသား ပိုးရဲ့ တစ်စိတ်တစ်ပိုင်းပေါ့။ ဒီအရာက ကိုယ်တွင်းကို ဗိုင်းရပ်စ်ရောက်တဲ့အခါ ထုတ်လုပ်တဲ့ ပရိုတင်း ပမာဏကို မြင့်တက်အောင် လုပ်ပြီး ကိုယ်ခံအားကို antibody ထွက်ရှိအောင် လှုံ့ဆော်ပေးပါလိမ့်မယ်။
ဒီလိုနဲ့ ကိုယ်ခံအားက ဗိုင်းရပ်စ်ကို တုံ့ပြန်ဖို့ အသင့်အနေအထား ဖြစ်နေပါလိမ့်မယ်။ ကာကွယ်ဆေးတွေမှာ ပိုးအရှင်ကို အသုံးပြုထားတာ မဟုတ်တဲ့အတွက် ကိုယ်ခံအား နည်းတတ်တဲ့သူတွေနဲ့ ရောဂါအခံရှိတာကြောင့် ကိုယ်ခံအား နည်းတတ်သူတွေမှာလည်း ထိခိုက်မှု မရှိဘဲ ရောဂါပိုးဒဏ်ကနေ ကာကွယ်ပေးမှာပါ။
HIV ပိုးရှိသူတွေအနေနဲ့ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးရင်ရော ART ဆေးဆက်သောက်လို့ ရပါ့မလား
HIV ပိုး ရှိသူတွေက ပုံမှန် antiretroviral medicines (ART) ဆေးတွေကို သောက်သုံးနေရတာပါ။
ကိုဗစ် ကာကွယ်ဆေး ထိုးပြီးချိန်မှာလည်း ART ဆေးကို ပုံမှန် အတိုင်း ဆက်သောက်သွားလို့ ရပါတယ်။ ဒီဆေးသောက်တာကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှု တစ်စုံတရာ ဖြစ်တာမျိုးလည်း မရှိနိုင်ပါဘူး။ အချို့သော ကာကွယ်ဆေး စမ်းသပ်မှုတွေမှာ HIV ပိုးရှိသူတွေပါ ဝင်ရောက် စမ်းသပ်ခဲ့မှု အရကတော့ ကိုဗစ်ကာကွယ်ဆေးကြောင့် ဘေးထွက်ဆိုးကျိုး တစ်ခုခု ခံစားရတာမျိုး မရှိဘူးဆိုတာပါ။
ကာကွယ်ဆေး ထိုးပြီးရင် ဘာတွေ ခံစားရနိုင်လဲ
HIV ပိုးရှိသူတွေအနေနဲ့ ကာကွယ်ဆေး ထိုးပြီးချိန်မှာ ခံစားရမယ့် လက္ခဏာတွေက အခြားသာမန်လူတွေနဲ့ အတူတူပါပဲ။ ကာကွယ်ဆေး ထိုးပြီး တစ်ရက်ကနေ ၂ ရက် အတွင်းမှာ အပျော့စား လက္ခဏာလေးတွေ ဖြစ်ကြတဲ့
• ဖျားတာ၊
• ကိုယ်နွေးတာ၊
• ခေါင်းကိုက်တာ၊
• ခြေလက်တွေ ကိုက်တာ၊
• ဆေးထိုးတဲ့ နေရာက နာတာ၊
• ဆေးထိုးထားတဲ့နေရာမှာ နီတာ၊
• လက်မောင်းအောင့်တာလိုမျိုးတွေပဲ ခံစားရနိုင်ပါတယ်။

ကာကွယ်ဆေး ထိုးပြီးရင် ဘယ်လိုနေရမလဲ
ကာကွယ်ဆေး ထိုးပြီးချိန်မှာလည်း အခြားသူတွေလိုပဲ
• ရေများများ သောက်ပါ
• သက်တောင့်သက်သာ နားပါ
• အသီးအရွက် များများစားပါ
• လေဝင်လေထွက်ကောင်းတဲ့ နေရာမှာနေပါ
• ဆေးထိုးထားတဲ့နေရာကို ရေအေးဝတ်ကပ်ပါ
• အိပ်ရေး ဝဝအိပ်ပါ
• လိုအပ်မယ်ဆိုရင် ပါရာစီတမော သောက်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။
HIV ပိုး ရှိသူတွေက CD4 count ဘယ်လောက်ပဲ ဖြစ်ဖြစ် ပြင်းထန်တဲ့ ကိုဗစ်ကို ကာကွယ်ဖို့ဆိုရင် ကိုဗစ်ကာကွယ်ဆေး ထိုးတာက အထိရောက်ဆုံး နည်းလမ်းပါ။ ကာကွယ်ဆေး ထိုးတဲ့အခါမှာလည်း ၂ ကြိမ်လုံး ပြည့်အောင် ထိုးဖို့ လိုပါမယ်။ ၆ လ တိုင်းမှာ booster ထပ်ထိုးဖို့လည်း လိုပါမယ်။
နောက်ထပ် အရေးကြီးတာ တစ်ခုက ကိုဗစ် ကာကွယ်ရေး နည်းလမ်းတွေဖြစ်ကြတဲ့
• ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်တာ၊
• လက်ဆေးတာ၊
• လူစုလူဝေးရှောင်ကြဉ်တာတွေကိုတော့ ဆက်လက် လိုက်နာဖို့ လိုဦးမှာပါ။
Ref: unaids.org
Writer : Aye Thi Mon