
စမတ်ဖုန်းတွေဟာ ကျန်းမာရေးကို ထိခိုက်နိုင်စေတယ်၊ ကျန်းမာရေး ရှုထောင့်ကနေကြည့်ရင် လူတွေကို အကျိုးမပြုနိုင်စေဘူးလို့ မကြာခန ပြောဖြစ်ကြတယ်။ ဒါပေမယ့် အသုံးပြုမှုကိုတော့ ဘယ်သူမှ လျှော့ချတာမျိုးမရှိကြပါဘူး။ ကျန်းမာရေးထိခိုက်နိုင်တဲ့ စမတ်ဖုန်း တွေကို လူတွေက မစွန့်လွှတ်နိုင်ကြဘူးဆိုတဲ့ သဘော။
ဒီလိုဆိုရင် ပြောင်းပြန်ပြန်စဉ်းစားကြရအောင်။ မစွန့်လွှတ်နိုင်မှတော့ ကျန်းမာရေးမထိခိုက်အောင်၊ ဒီထက်တစ်ဆင့်မြှင့်တွေးရရင် ပိုကျန်းမာလာအောင် လုပ်ကြရင် မကောင်းဘူးလား။
၁။ အစားအသောက်မှီဝဲရာမှာ စမတ်ဖုန်း တွေကို အသုံးချမယ်
- ဘာစားမလဲ ရွေးချယ်မယ် – နေ့စဉ်မှီဝဲနေတဲ့ အစားအစာတွေကို ဘယ်လိုပုံစံစားသောက်ရမယ်ဆိုတာကို ဖော်ပြပေးနိုင်တဲ့ Yummly လို Application တွေ ဒီနေ့ခေတ်မှာ အများအပြားရှိနေပါပြီ။ စားသောက်မှုကို အစီအစဉ်ချမယ် – ဝိတ်ချချင်တဲ့လူတွေအတွက်ဆိုရင်လည်း တစ်နေ့ကို ကယ်လိုရီပမာဏ ဘယ်လောက်စာပဲ မှီဝဲစားသောက်ရမယ်ဆိုတာကို သတ်မှတ်နိုင်တဲ့ MyFitness Pal တို့ MyNetDiary တို့လို App မျိုးတွေ ရှိနေပါတယ်။
- အစားအသောက် ရွေးချယ်မယ် – ကျန်းမာရေးနဲ့ညီညွတ်တဲ့ Diet စာတွေက တစ်ခါတစ်လေမှာ ရွေးချယ်ရခက်ခဲတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးကို ဖုန်းကနေတဆင့် အသစ်အဆန်းတွေ ရှာဖွေပြီး အပြောင်းအလဲလေးတွေ ပြုလုပ်လို့ရပါတယ်။
- ဆိုင်ရှာမယ် – ဖုန်းထဲကနေ အနီးနားက စားသောက်ဆိုင်တွေကို ရှာဖွေနိုင်ပြီး အစားအသောက်နဲ့ ပါဝင်တဲ့ အာဟာရဓာတ်တွေကိုလည်း ကြိုတင်လေ့လာနိုင်ပြီပေါ့။
- ကိုယ့်ကိုယ်ကိုယ်သတိပေးလို့ရတယ် – ကိုယ်ဘယ်လောက်တွေ စားမိနေပြီလဲ၊ ကိုယ်နဲ့မတည့်တဲ့ဘာတွေ စားမိနေပြီလဲဆိုတာကိုလည်း သတိပေးချက်တွေ သတ်မှတ်ထားလို့ရပါသေးတယ်။
၂။ ကိုယ်လက်ကြံ့ခိုင်အောင် စမတ်ဖုန်းတွေ အသုံးချမယ်
- လေ့ကျင့်ခန်းလုပ်ဖြစ်ဖို့ အသုံးချပါ – Gym သွားမှ လေ့ကျင့်ခန်းလုပ်လို့ရတာမဟုတ်ပါဘူး။ အိမ်မှာနေရင်းလည်း လေ့ကျင့်လို့ရတာတွေရှိတယ်လေ။ Nike+ Training Club တို့၊ 8fit တို့ 30 Day Fit Challenges တို့၊ Total Fitness တို့ကို အသုံးချလို့ရပါတယ်။
- နေ့စဉ်လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ပါ – ကိုယ့်ရဲ့ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုတွေဖြစ်ကြတဲ့ လမ်းလျှောက်တာတွေ၊ ပြေးတာတွေကိုလည်း မှတ်သားထားလို့ရပါတယ်။ ဒီစနစ်တွေက ဖုန်းတွေမှာ Build-in ပါဝင်တတ်သလို MapMyRun တို့၊ Google Fit တို့လို App တွေကိုလည်း အသုံးချနိုင်ပါသေးတယ်။
- နှလုံးခုန်နှုန်းနဲ့ ဆီးချိုတိုင်းမယ် – ဖုန်းတွေကနေတဆင့် နှလုံးခုန်နှုန်းတို့၊ သွေးခုန်နှုန်းတို့ကို စောင့်ကြည့်လို့ရပါတယ်။ ဒါ့အပြင် ဆီးချို၊ သွေးတိုးတိုင်းတာပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေလည်း ရှိပါသေးတယ်။
၃။ အထွေထွေအတွက် စမတ်ဖုန်းကို အသုံးချမယ်
- အလေ့အထကောင်းတွေကို ကျင့်သုံးပါ – ဖုန်းတွေသုံးပြီး နေ့စဉ် အိပ်ချိန်ကို သတ်မှတ်ကိုက်ညှိလို့ရသလို ရေဘယ်လိုသောက်မယ်၊ တက်ကြွစွာနေထိုင်ဖြစ်အောင် ဘယ်လိုနေထိုင်ကြမယ်ဆိုတာတွေကိုလည်း သတ်မှတ်နိုင်ပါသေးတယ်။
- အပေါင်းလက္ခဏာဆောင်တဲ့ အတွေးအမြင်တွေယူပါ – Apps တွေသုံးရင်အချက်အလက်တွေကို မပြတ်တွေ့နေရတာပါပဲ။ ဒါတွေကို ကြည့်ရင်း အကောင်းဘက်ကနေမြင်တတ်မယ်ဆိုရင် ပိုအကျိုးရှိမှာပေါ့။
- အိပ်စက်ချိန်ကို စနစ်ကျအောင်လုပ်ပါ – ဖုန်းဆိုတာက နှိုးစက်ဆိုတာထက် ပိုပါတယ်။ အိပ်ချိန်မှာ SleepCycle တို့၊ Sleep တို့၊ Sleep Pillow တို့လို Apps တွေကိုအသုံးချပြီး အိပ်စက်မှုကို အထောက်အကူဖြစ်အောင် ကူညီနိုင်တာကိုလည်း မေ့ထားလို့တော့မဖြစ်ပါဘူး။
- ဝင်လေထွက်လေရှု – Meditation app တွေ ဖုန်းထဲထည့်ထားပြီး ဝင်လေထွက်လေရှုနိုင်တာကလည်း ကိုယ့်ရဲ့ ကျန်းမာရေးကို ကူညီနိုင်တဲ့နည်းလမ်းတစ်ခုပါပဲ။ စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။
အထက်မှာဖော်ပြခဲ့တာတွေကတော့ စမတ်ဖုန်းတွေအသုံးချပြီး ကိုယ့်ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။
နေ့စဉ်ဘဝမှာ အသုံးတည့်စေမယ့် စိတ်ဝင်စားဖွယ် Lifestyle အကြောင်းအရာတွေကို ဖတ်ရှုချင်တယ်ဆိုရင် Lo To Shin Media မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။