ရာသီခွင်က လမ်းပြနေတဲ့ အလုပ်အကိုင်အခွင့်အလမ်း များ

အလုပ်တစ်ခု လုပ်တော့မယ်ဟေ့ဆိုရင် ဝါသနာက တစ်မျိုး၊ ကိုယ်တတ်ထားတာက တစ်ဖုံ၊ မိဘက တစ်နည်း၊ ကိုက်ညီမှုရှိအောင် စဉ်းစားရတာ မလွယ်လှပါဘူး။

ဒီကြားထဲ ကိုယ်ဘာဝါသနာပါတယ်ဆိုတာ ကိုယ်သေချာမသိတာရယ်၊ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးက ဘယ်အလုပ်တွေနဲ့ ကိုက်ညီတယ်ဆိုတာ ဇဝေဇဝါ အဖြေရှာမရတာတွေရယ်ပါထပ်ပေါင်းလိုက်တော့ ကိုယ်နဲ့ မကိုက်ညီတဲ့ အလုပ်တွေဆီ ရောက်သွားတော့တာပါပဲ။

တစ်ချို့မိဘတွေဆိုလည်း ကိုယ့်သားသမီးအတွက် ဘာလုပ်ခိုင်းရင် ကောင်းမလဲဆိုပြီး ဗေဒင်လေးဘာလေး မေးကြမြန်းကြပေါ့။ နာမည်ကျော် ဗေဒင်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Strong Eye Astrology ကို တည်ထောင်သူ ဆန်ဒရာ ဆစ်ထရွန် ကတော့ ရာသီခွင်တွေက ကျွန်တော်တို့ရဲ့ အလုပ်အကိုင်ရှာဖွေမှုအပေါ်မှာ သက်ရောက်မှုရှိတယ်လို့ ဆိုထားပါတယ်။

သူရဲ့ အဆိုအရ ရာသီခွင်တွေဟာ လူတွေအပေါ် မွေးရာပါ အရည်အချင်းတစ်ခုစီ လက်ဆောင် ထည့်ပေးပြီးသားလို့ ဆိုပါတယ်။ ဘယ်ရာသီခွင်တွေက ဘယ်လို မွေးရာပါ အရည်အချင်းတွေနဲ့ ဘယ်လို အလုပ်တွေနဲ့ သင့်တော်သလဲဆိုတာတော့ ဗေဒင်တွေ၊ ရာသီခွင်တွေကို စိတ်ဝင်စားတတ်သူတွေအတွက် ဝေမျှလိုက်ပါတယ်ဗျ။

ရာသီခွင်နဲ့ အလုပ်အကိုင်အခွင့်အလမ်း ဆက်နွယ်မှု

  • Aries (မိဿရာသီဖွား) – The Trailblazer (March 21-April 20)

Aries ခေါ် မိဿရာသီဖွားတွေရဲ့ အောင်မြင်မှုဟာ သူတို့ရဲ့ ဦးမညွှတ်တတ်တဲ့ စိတ်ကနေဖြစ်လာတာပါ။ ပထမဆုံးရာသီခွင်ဆိုတဲ့ အတိုင်းပဲ သူတို့ဟာ ဦးဆောင်ချင်ပြီး သူများလုပ်တိုင်း လိုက်လုပ်တဲ့ လူအုပ်ကြီးနောက်ကလိုက်မယ့် သူတွေ မဟုတ်ပါဘူး။

ပင်ကိုအားဖြင့်လည်း ခေါင်းဆောင်စိတ်ရှိပြီး ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချဖို့ ရဲဝံ့တဲ့ သူတွေပါ။ Project တစ်ခုခု စချင်နေပြီး ဦးဆောင်ဖို့ လူလိုအပ်နေတယ်ဆိုရင်တော့ Aries တွေကိုသာ ရွေးပါ။

Aries တွေရဲ့ ထူးခြားတဲ့ စွမ်းအင် – ဦးဆောင်နိုင်ခြင်း၊ အလုပ်ပြီးအောင် လုပ်နိုင်ခြင်း၊ စွန့်စားရဲခြင်း။

  • Taurus (ပြိဿရာသီဖွား) – The Dependable One (April 21 – May 21)

ပြိဿရာသီဖွား အမျိုးသမီးတွေဟာ Project Manager လို ရာထူးမျိုးတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ ပြိဿတွေဟာ ရေရှည်အစီအစဉ်တွေချမှတ်လုပ်ဆောင်ရာမှာ ထူးချွန်ကြပြီး ဖြည်းဖြည်းမှန်မှန်နဲ့ အောင်မြင်မှုဆီ ချီတက်တတ်တဲ့ သူတွေ၊ ခေါင်းအေးအေးထားတတ်ကြတဲ့ သူတွေပေါ့။

ငွေကြေးရှာဖွေထိန်းသိမ်းတဲ့ နေရာမှာလည်း ကျွမ်းကျင်တော့ သူတို့အတွက် သင့်တော်တဲ့ နေရာက Finance Section လိုနေရာမျိုးပါ။ ဒါမှ မဟုတ်ရင်လည်း ရိုးရှင်းအေးဆေးပြီး လှပတဲ့ အရာတွေ ဖန်တီးရတာမျိုးမှာ သင့်တော်တတ်ပါတယ်။ (ဥပမာ- Interior Design တို့ ဘာတို့ပေါ့)

Taurus တွေရဲ့ ထူးခြားတဲ့ စွမ်းအင် – ရိုးသားဖြောင့်မတ်ခြင်း၊ စိတ်ရှည်ခြင်း၊ သစ္စာရှိခြင်း။

  • Gemini (မေထုန်ရာသီဖွား) – The Curious One (May 22- June 21)

Gemini တွေကတော့ PR ရာထူးတွေ အတွက် သင့်တော်တဲ့ သူတွေပေါ့။ သူတို့က မတူညီတဲ့ Idea တွေရှိတဲ့ လူတွေကို စုစည်းရတာ သဘောကျတတ်တဲ့သူမျိုးပါ။ အစည်းအဝေးခန်းထဲမှာ အမြဲတမ်းမေးခွန်းထမေးတတ်တဲ့ သူမျိုးပေါ့။ အောင်မြင်မှုရဖို့ဆိုရင်တော့ သူလုပ်တဲ့ အလုပ်မှာ စိတ်ဝင်စားမှုရှိဖို့နဲ့ စေ့စပ်မှုရှိဖို့ လိုပါတယ်။

Gemini တွေရဲ့ ထူးခြားတဲ့ စွမ်းအင် – ဖြတ်ထိုးဉာဏ်ကောင်းခြင်း၊ စွမ်းဆောင်ရည်ကောင်းမွန်ခြင်း၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်း။

  • Cancer (ကရကဋ်ရာသီဖွား) – The Intuitive (June 22 – July 22)

ကရကဋ်ရာသီဖွားတွေရဲ့ နူးညံ့မှုနဲ့ ပြုစုပျိုးထောင်တတ်တဲ့ စရိုက်ကြောင့် သူတို့ဟာ ကလေးတွေနဲ့ ပက်သက်တဲ့ အလုပ်တွေ လုပ်တာတို့၊ Internship အလုပ်တို့နဲ့ သင့်တော်ပါတယ်။ သူဟာ အလုပ်ကို သူ့မိသားစုလိုကို ချစ်ပြီး လုပ်တတ်သူပါ။

အလုပ်ထဲမှာ ပိုမိုပျော်ရွှင်စေဖို့ဆိုရင်တော့ ကိုယ့်ကိုယ်ကိုအတွက် အချိန်ပိုပေးသင့်ပါတယ်။ အထူးသဖြင့် နေ့စဉ်လုပ်ရတဲ့ အလုပ်တွေက အရမ်းတင်းကျပ်ပြီး စိတ်ရှုပ်နေရပြီဆိုရင်ပေ့ါ။

Cancer တွေရဲ့ ထူးခြားတဲ့ စွမ်းအင် – အသင်အပြကောင်းခြင်း၊ စီမံခန့်ခွဲနိုင်စွမ်းရှိခြင်း၊ တစ်ပြိုင်နက်တည်း အလုပ်အများကြီးလုပ်နိုင်ခြင်း။

  • Leo (သိဟ်ရာသီဖွား) – The Creative Genius (July 23 – August 23)

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ သိဟ်ရာသီဖွားတွေဟာ သူ့ကို နေရာပေးနိုင်တဲ့ အလုပ်မျိုးနဲ့ ကိုက်ညီပါတယ်။ သူတို့က ဖန်တီးနိုင်စွမ်းနဲ့ စိတ်ကူးစိတ်သန်းအရမ်းအားကောင်းတဲ့ သူတွေ ဖြစ်ပြီးတော့ သူတို့ရဲ့ အမြင်တွေဟာ အောင်မြင်မှုကြီးကြီးမားမားရစေတဲ့ အရာတွေပါ။

သူတို့ဟာ ကြိုးစားရင် သရုပ်ဆောင်ကောင်းတွေ ဖြစ်နိုင်သလို လူမှုကွန်ရက်တွေမှာဆိုလည်း Followers တွေ အများကြီးနဲ့ ကျော်ကြားတတ်သူမျိုးပေါ့။

Leo တွေရဲ့ ထူးခြားတဲ့ စွမ်းအင် – ရဲရင့်ခြင်း၊ ရက်ရောခြင်း၊ ပွင့်လင်းခြင်း ။

  • Virgo (ကန်ရာသီဖွား) – The Giver (August 24 – September 22)

ရုံးတစ်ရုံးမှာဆို ကန်ရာသီဖွားတစ်ယောက်ရဲ့ စားပွဲဆိုတာ မြင်တာနဲ့ အလွယ်တကူ သိနိုင်ပါတယ်။ သူတို့ကို ကြည့်လိုက်တာနဲ့ သေချာချုပ်ဝတ်ထားတဲ့ ဝတ်စုံနဲ့ သန့်ရှင်းသပ်ရပ်တဲ့ အလုပ်စားပွဲတွေနဲ့ တွဲတွေ့နိုင်ပါတယ်။ အသေးစိတ်လေးတွေကအစ အာရုံစိုက်လေ့ရှိပြီး ကိုယ့်ကိုယ်ကိုထက် သူများကို ပိုဦးစားပေးလေ့ရှိကြပါတယ်။

Virgo တွေရဲ့ ထူးခြားတဲ့ စွမ်းအင် – လက်တွေ့ကျခြင်း၊ ကူညီတတ်ခြင်း ၊ ယဉ်ကျေးသိမ်မွေ့ခြင်း ။

  • Libra (တူရာသီဖွား) – The People Person (September 23 – October 23)

တူရာသီဖွားတွေရဲ့ ပေ့ါပေါ့ပါးပါးနေတတ်တဲ့ ပုံစံနဲ့ နှစ်လိုဖွယ်ကောင်းတဲ့ ပုံစံကြောင့် သူတို့ဟာ တစ်ယောက်ချင်း လုပ်ရမယ့် အလုပ်တွေရော၊ လူအများနဲ့ လုပ်ရမယ့် အလုပ်တွေမှာပါ အဆင်ပြေတတ်ကြပါတယ်။

သူတို့ဟာ ကြားဝင်ဖျန်ဖြေရာမှာလည်း ကျွမ်းကျင်တဲ့ အတွက် သံတမန်အလုပ်၊ အတိုင်ပင်ခံ အလုပ်တို့နဲ့ သင့်တော်သူတွေပါ။ ပြီးတော့ စာကြည့်တိုက်မှူး၊ ပြတိုက်မှူးနဲ့ ဒီဇိုင်နာ အလုပ်တွေ ဒါမှ မဟုတ် တရားသူကြီး အလုပ်တွေနဲ့ သင့်တော်ပါတယ်။

Libra တွေရဲ့ ထူးခြားတဲ့ စွမ်းအင် – နည်းဗျူဟာကျွမ်းကျင်ခြင်း၊ လက်တွေ့ကျခြင်း၊ အကဲဖြတ်တတ်ခြင်း ။

  • Scorpio (ဗြိစ္ဆာရာသီဖွား) – The Sleuth (October 24 – November 22)

Scorpio တွေကတော့ ဘယ်အရာမဆို အပေါ်ယံသဘောမထားဘဲ လေးလေးနက်နက်သိချင်၊ လုပ်ချင်တဲ့ သူတွေပါ။ အဲဒီတော့ စုံစမ်းထောက်လှမ်းရတဲ့ သတင်းထောက်အလုပ်တို့၊ စုံထောက်အလုပ်တို့၊ လူတွေရဲ့ စကားတွေကို နားထောင်ပြီး အဖြေရှာရတဲ့ စိတ်ပိုင်းဆိုင်ရာအတိုင်ပင်ခံတို့ အလုပ်မျိုးနဲ့ ကိုက်တဲ့ သူတွေပါ။

Scorpio တွေရဲ့ ထူးခြားတဲ့ စွမ်းအင် – အလိုလိုသိနားလည်နိုင်ခြင်း၊စိတ်ပိုင်းဖြတ်နိုင်ခြင်း၊အခက်အခဲများကို လျင်မြန်သွက်လက်အောင် ဖြေရှင်းနိုင်ခြင်း။

  • Sagittarius (ဓနုရာသီဖွား) – The Shining Star (November 23 – December 21)

ဓနုရာသီဖွားတွေဟာ ပြဿနာတွေကို ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်သုံးသပ်နိုင်ပြီး အဲ့ဒီအချက်ကပဲ သူတို့ကို ခေါင်းဆောင်ဖြစ်စေတာပါ။ သူမရဲ့ အလုပ်အပေါ် စိတ်အားထက်သန်မှုဟာ တခြားသူတွေအပေါ် ကူးစက်ပျံ့နှံ့ပြီး တွန်းအားဖြစ်စေပါတယ်။

သူတို့ဟာ စီးပွားရေးပဲလုပ်လုပ်၊ အတွေးအခေါ်ပိုင်းဆိုင်ရာမှာ ဖြစ်ဖြစ်၊ ပညာသင်ရာမှာ ဖြစ်ဖြစ်၊ နိုင်ငံရေးပဲ လုပ်လုပ် ထိပ်တန်းအဆင့်ရောက်နိုင်သူတွေပါ။

Sagittarius တွေရဲ့ ထူးခြားတဲ့ စွမ်းအင် – ဉာဏ်ပညာကြီးခြင်း၊အထင်ကြီးစရာကောင်းခြင်း၊ဖောက်ထွက်တွေးခေါ်နိုင်ခြင်း။

  • Capricorn (မကာရရာသီဖွား) – The Ambitious One (December 22 – January 20)

မကာရရာသီဖွားတွေရဲ့ ပုံစံကတော့ အလုပ်ရှင်သူဋ္ဌေးတစ်ယောက်လိုပေါ့ဗျာ။ အလုပ်တွေကို စီမံခန့်ခွဲရတာတွေ၊ လူတွေကို စီမံခန့်ခွဲရတာနဲ့ ကိုက်ညီသူတွေပေါ့။ အစီအစဉ်ချတဲ့ နေရာမှာ ကျွမ်းကျင်သူတွေ ဖြစ်ပြီးတော့ ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတာ ခေါင်းထဲမှာ ရှိပြီးသားဗျ။

Capricorn တွေရဲ့ ထူးခြားတဲ့ စွမ်းအင် – ခံနိုင်ရည်ရှိခြင်း၊ ခေါင်းဆောင်မှုစွမ်းရည်ရှိခြင်း၊ စိတ်ချယုံကြည်ရခြင်း။

  • Aquarius (ကုမ်ရာသီဖွား) – The Innovator ( January 21 – February 18)

ကုမ်ရာသီဖွားတွေဟာ ဉာဏ်ရွှင်ပြီး အကြံဉာဏ်ကောင်းတွေ ထွက်တတ်တော့ အလုပ်ထဲမှာ အပျော်ဆုံး လူသားတွေ ဖြစ်တတ်ကြပါတယ်။ လူတွေကို ကူညီရတာကို နှစ်သက်ပြီးတော့ လူစုလူဝေးနဲ့ အလုပ်လုပ်ဖို့ လိုလာရင် ကိုယ့်အတ္တကို ဘေးချိတ်ထားတတ်တွေပေါ့။

Aquarius တွေရဲ့ ထူးခြားတဲ့ စွမ်းအင် – ထိုးထွင်းသိမြင်ခြင်း၊ဓမ္မဓိဋ္ဌာန်ကျကျဆုံးဖြတ်နိုင်ခြင်း၊ အမြင်ရှိခြင်း။

  • Pisces (မိန်ရာသီဖွား) – The Lover (February 19 – March 20)

မိန်ရာသီဖွားတွေဟာ အလုပ်လုပ်ရင် စိတ်နှစ်ပြီး လုပ်တတ်သူတွေပါ။ တကယ်လို့ သူတို့ဟာ သူတို့အလုပ်ကို တကယ်နှစ်ခြိုက်တယ်၊ယုံကြည်တယ်ဆိုရင် ဘာအကာအရံအတားအဆီးကိုမှ မကြောက်ဘဲ လုပ်တတ်သူတွေပေါ့။

Pisces တွေရဲ့ ထူးခြားတဲ့ စွမ်းအင် – စာနာတတ်ခြင်း၊ ဖန်တီးနိုင်စွမ်းမြင့်မားခြင်း၊အကောင်းမြင်စိတ်ရှိခြင်း

ဒီစာကို ဖတ်ပြီး ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ကိုက်ညီတဲ့ အလုပ်တွေကို ရှာတွေ့နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ ကံကောင်းကြပါစေ။

Leave a Reply