မျက်နှာပေါ်မှာ ဝက်ခြံပေါက်ရတာ ဖုန်းစခရင်မ်ကြောင့်လား ???

တစ်နေ့တစ်နေ့ မျက်နှာပေါ်မှာ မလိုချင်ဘဲတိုးလာနေတာက ဝက်ခြံတွေများလား။ မနက်နိုးလို့ မှန်ထဲကြည့်လိုက်မိတိုင်း မျက်နှာပေါ်မှာ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်က အကျအနကိုနေရာယူလို့ မောင်းထုတ်မယ်ကြံပြန်တော့လည်း ချန်ခဲ့တဲ့ အမာရွတ်ကို အမှတ်တရအနေနဲ့ သိမ်းထားရပြန်ရောလေ။
ဒီပြဿနာကို မကျေနပ်ခြင်းများစွာနဲ့ အဖြေထုတ်ကြည့်တော့ ဘာရယ်ရေရေရာရာမသေချာဘဲ ကောက်ချက်ချလိုက်မိတာက ဖုန်းစခရင်မ်ကြောင့်လို့များဖြစ်နေပြီလား။ ဒါဆိုရင်တော့ ကိုယ်ထုတ်ထားတဲ့ အဖြေကမှန်ရဲ့လားဆိုတာကို ဒီဆောင်းပါးလေး ထဲမှာ ကြည့်လိုက်နော်။

မျက်နှာပေါ်မှာ ဝက်ခြံပေါက်ရတာ ဖုန်းစခရင်မ်ကြောင့်လား………….
ဒီအဖြေက ရာနှုန်းပြည့်မမှန်ပါဘူး။ ဘာလို့ဒီလိုပြောရတာလဲဆိုတော့ ဖုန်းစခရင်မ်နဲ့ မျက်နှာကို ကပ်ပြောတဲ့အခါ ပုံမှန်အားဖြင့်ကတော့ ဘာမှ သိပ်မဖြစ်ပါဘူး။ ဒါပေမယ့် ဖုန်းကို အကြာကြီးပြောမယ် ဖုန်းမျက်နှာပြင်ပူလာတဲ့အထိ ပြောမယ်ဆိုရင်တော့ အပူဒဏ်ကြောင့် အသားအရေကို ထိခိုက်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ဖုန်းစခရင်မ်မှာ ဖုန်တွေရှိနေမယ် အဆီပြန်နေတဲ့ မျက်နှာပြင်မှာကပ်ပြောတဲ့အခါ ဖုန်မှုန့်တွေ မျက်နှာမှာကပ်ညှိပြီး ချွေးပေါက်တွေကို ပိတ်စေမှုကနေတဆင့် မျက်နှာမှာ ဆားဝက်ခြံနဲ့ အဖြူဆံတွေထွက်တဲ့ ဝက်ခြံတွေဖြစ်လာနိုင်ပါတယ်။

ဖြစ်နိုင်ခြေအရှိဆုံးကတော့ ဖုန်းက touch screen ဆိုတဲ့အတွက်ကြောင့် ဘာပဲလုပ်လုပ်လက်ချောင်းလေးတွေကို သုံးပြီးလုပ်တယ်ဟုတ်။ ခန္ဓာကိုယ်ပေါ်က ရောဂါပိုးတွေ အများဆုံးရှိနေနိုင်တဲ့ အစိတ်အပိုင်းကလည်း လက်ချောင်းလေးတွေပါ။ ဒီတော့ လက်ချောင်းတွေနဲ့ ဖုန်းစခရင်မ်ကို ထိတွေ့မှုက ဖုန်မှုန့်တွေ၊ ရောဂါပိုးတွေကို ပေါင်းကူးပေးသလိုဖြစ်သွားတာပေါ့။ သူတို့က ချွေးပေါက်ပိတ်ဆို့တာ၊ ချွေးပေါက်ထဲကနေ ဝင်ရောက်ပြီး အရေပြားကို ထိခိုက်စေတာတွေဖြစ်လာတဲ့အခါ ထိခိုက်လွယ်တဲ့ အသားအရေမှာ ဝက်ခြံဖြစ်တာ၊ အမဲစက်တွေဖြစ်တဲ့ ဆားဝက်ခြံတွေဖြစ်တာအပြင် အခြား အသားအရေထိခိုက်တာတွေကိုပါဖြစ်စေနိုင်ပါတယ်။ မမှန်ဘူးဆိုပေမယ့် ဖုန်းစခရင်မ်က အပေါ်မှာ ပြောခဲ့သလို အားပေးနေတဲ့အရာတစ်ခုဆိုတာကတော့ မှန်ပါတယ်။

ဝက်ခြံဖြစ်လွယ်သူတွေက အခြားသူတွေထက် အသားအရေကို ပိုဂရုစိုက်ဖို့လိုမယ်
ဒီတော့ ဝက်ခြံပေါက်တတ်သူတစ်ဦးအနေနဲ့ အစစအရာရာကို ဂရုစိုက်နိုင်မှတော့ကာကျတော့မပေါ့။ ဒီတော့ ဝက်ခြံကင်းပြီး ကြည်လင်လှပချင်တယ်ဆိုရင်

• မျက်နှာကို ဝက်ခြံအတွက်သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးနဲ့သန့်စင်ပါ
• မိတ်ကပ်ကို မိတ်ကပ်ရည်မသုံးပါနဲ့ (ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်တာကြောင့်ပါ)
• မိတ်ကပ်တွေကို သေချာဖျက်ပါ (Micellar water သုံးပါ)
• တိုနာသုံးပါ (ချွေးပေါက်တွေသန့်စင်ပြီး ချွေးပေါက်ကျဉ်းစေဖို့ပါ)
• ဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားပေးပါ
• တစ်နေ့နှစ်ကြိမ်မျက်နှာသန့်စင်ပါ
• ဖုန်းစခရင်မ်အပါအဝင် တစ်နေ့တာမှာ ထိတွေ့မယ့် အရာတွေကို သန့်စင်အောင်လုပ်ပါ (အနည်းဆုံးတစ်နေ့ တစ်ကြိမ်လုပ်ပါ)
• မျက်နှာကို ခဏခဏမကိုင်ပါနဲ့
• ဝက်ခြံတွေကို ဆိတ်ဆွတာမျိုးမလုပ်ပါနဲ့
• ရေများများသောက်ပါ
• ဆေးလိပ်နဲ့အရက်ကို တတ်နိုင်သမျှလျှော့ပါ
• သွေးလည်ပတ်မှုကောင်းစေတဲ့ လေ့ကျင့်ခန်းလုပ်ပါ
• အိပ်ရေးဝဝအိပ်ပါ
• အသားအရေထိန်းသိမ်းမှုလုပ်ပေးပါ။

နိဂုံးချုပ်အနေနဲ့ပြောပြချင်တာက သင့်ကို က်ခြံထွက်စေတဲ့အချက်က ဖုန်းစခရင်မ်တစ်ခုထဲကြောင့်မဟုတ်ဘဲ နေ့စဉ်ဖိတွေ့နေရတဲ့ ညစ်ညမ်းတဲ့အရာတွေကြောင့်လည်းပါတယ်ဆိုတာပါ။ ဒါကြောင့် နေ့စဉ်ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲကြည့်ဖို့ ပြောပါရစေ ဝက်ခြံကြောင့် စိတ်ညစ်နေရသူလေးတို့ရေ………………

အေးသီမွန်

Leave a Reply