
နာမည်ကြားရင် ဟုတ်ရဲ့လားလို့ တွေးမိနိုင်တဲ့ ခွေးသေးပန်းပင် ကို ချောင်းဆိုးပျောက်စေဖို့ အဓိက အသုံးပြုကြပါတယ်။ ဒီတစ်ခေါက်တော့ ခွေးသေးပန်းပင် (Sahadevi Plant) က ချောင်းဆိုး ပျောက်ရုံတင်ပဲလား။ အခြားရော ဘယ်လို အသုံးဝင်သေးလဲ။ ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသေးလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။
ခွေးသေးပန်းပင် ဆိုတာ
အလေ့ကျ ပေါက်ပင် တစ်မျိုးဖြစ်ပြီး လမ်းဘေးတွေနဲ့ အပင်ချုံနွယ် ထူထပ်စွာ ပေါက်နေတဲ့ နေရာတွေ မြေလွတ်မြေရိုင်းတွေမှာ သူ့အလိုလို ပေါက်ရောက်ကြပါတယ်။
အရွက်က အရမ်းမကြီးပေမယ့် အရွက် မျက်နှာပြင်ပေါ်မှာ အမွေးနုလေးတွေရှိပါတယ်။ ပင်စည်တွေမှာလည်း ရှိတတ်ပါတယ်။ အာရှတိုက်က အပူပိုင်းနိုင်ငံတွေမှာ ပေါက်ရောက်ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ပေါက်ရောက်ကြပါတယ်။
အပင်က ၀.၅ ပေ ကနေ ၃ ပေလောက်အထိ မြင့်ပါတယ်။ ချုံပင်ပုလေးဖြစ်ပြီး အစိမ်းရောင်ရိုးတံ၊ အစိမ်းရောင်အရွက်နဲ့ အပွင့်လေးတွေက ပန်းရောင် ဒါမှမဟုတ် ခရမ်းရောင် ဖျော့ဖျော့လေးတွေ ပွင့်တတ်ပါတယ်။
အရသာက ခါးသက်သက်ရှိပြီး တစ်ပင်လုံးက ဆေးဖက်ဝင်ပါတယ်။ အဆိပ်မဖြစ်စေပါဘူး။ ရေစင်အောင်ဆေးပြီး အစိမ်းအတိုင်း စားလို့ ရပါတယ်။
ခွေးသေးပန်းပင်မှာ ဘာတွေပါလဲ
ခွေးသေးပန်းပင်မှာ ကျန်းမာရေးကို အထောက်အကူပြုပေးတဲ့ အခုလိုမျိုး ဓာတုဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။
- Lupeol Acetate
- Beta-amyrin Acetate
- Stigmasterol
- Alpha-spinasterol
- Sterols-beta-sitosterol တို့ ပါဝင်နေပါတယ်။
ခွေးသေးပန်းပင်က ဘယ်လို ဆေးဖက်ဝင်သလဲ
ခွေးသေးပန်းပင်က ချောင်းဆိုးတင် ပျောက်စေတာ မဟုတ်ပါဘူး။ အရောင်ကျစေနိုင်သလို ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အစာခြေစနစ် ကျန်းမာစေပါတယ်။ ဒါတင်မကသေးပါဘူး ခွေးသေးပန်းပင်က အခုလိုလေးတွေလည်း ဆေးဖက်ဝင်ပါသေးတယ်။
- ဆီးရွှင်စေတယ်
ဆီးလမ်းကြောင်း ပိုးဝင်တာ၊ ဆီးသွားတိုင်း နာကျင်တာ၊ ဆီးမသွားနိုင်တာမျိုးတွေကို သက်သာစေဖို့ ခွေးသေးပန်းပင် ကို အသုံးပြုပေးလို့ ရပါတယ်။

- အရေပြားပြဿနာ ကင်းစေနိုင်တယ်
အရေပြားမှာ အနာစိမ်းဖြစ်တာ၊ အရည်ကြည်ဖု ဖြစ်တာ၊ အရေပြား ပိုးဝင်တာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ သွေးသန့်စေနိုင်တာကြောင့် သွေးကြောင့်ဖြစ်တဲ့ အရေပြားယားတာမျိုးကို သက်သာစေနိုင်ပါတယ်။ အနာကျက်စေနိုင်ပါတယ်။
ရေယုန်၊ ဆိုရီရေးစစ်၊ နှင်းခူ၊ ပွေးတို့ကိုလည်း သက်သာစေနိုင်ပါတယ်။ အပူလောင်နာနဲ့ ဝက်ခြံတွေကိုလည်း သက်သာစေနိုင်ပါတယ်။
- ဝမ်းပျက်ဝမ်းလျှော သက်သာစေတယ်
ခွေးသေးပန်းပင်က ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။ အစာအိမ်နာတာကို သက်သာစေနိုင်သလို အစာမကြေတာ၊ လေထိုးလေအောင့်တာကိုလည်း သက်သာစေနိုင်ပါတယ်။
- အစာခြေစနစ်ကို ကျန်းမာစေနိုင်တဲ့ အာနိသင် ရှိပါတယ်
အမျိုးသမီးရောဂါတွေကို သက်သာစေနိုင်တယ်
ခွေးသေးပန်းပင်က အဖြူဆင်းတာကို သက်သာစေနိုင်သလို ရာသီသွေး မှန်စေနိုင်ပါတယ်။ ရာသီသွေး အများကြီးဆင်းတာကို သက်သာစေဖို့လည်း အသုံးပြု ပေးလို့ ရပါတယ်။
- အဖျားကျစေနိုင်တယ်
အအေးမိ ဖျားနာတာ၊ ငှက်ဖျား၊ တုပ်ကွေးတို့လိုမျိုး ဖျားနာမှုတွေဖြစ်တဲ့အခါ အဖျားကျစေဖို့အတွက် ခွေးသေးပန်းပင်ကို အသုံးပြုပေးလို့ ရပါတယ်။ အဖျားကျစေနိုင်ပြီး သာမန်အဖျားတွေကို သက်သာစေနိုင်ပါတယ်။
အအေးမိ၊ တုပ်ကွေးကြောင့်ဖြစ်တဲ့ ချောင်းဆိုးတာကိုလည်း သက်သာစေနိုင်ပါတယ်။
- မျိုးအောင်စေနိုင်တယ်
ကလေးလိုချင်တဲ့ စုံတွဲတွေ အားကိုးလို့ရတဲ့ သဘာဝ ဆေးဖက်ဝင် အပင်တစ်မျိုးပါ။ အမျိုးသားတွေမှာရော အမျိုးသမီးတွေကိုပါ ဘေဘီလေး ရရှိနိုင်ခြေ မြှင့်တင်ပေးပါတယ်။ မျိုးပွားအင်္ဂါကို ကျန်းမာစေနိုင်ပါတယ်။
- သန်ကျစေနိုင်တယ်
ခွေးသေးပန်းပင်ရဲ့ နောက်ထပ်အာနိသင်တစ်ခုက ကပ်ပါးပိုးတွေကို တိုက်ဖျက်ပေးနိုင်တာပါ။ အစာခြေစနစ်ကို ကျန်းမာစေပြီး အစာခြေလမ်းကြောင်းထဲက သန်တွေကို ကျစေနိုင်ပါတယ်။ ဝမ်းမှန်စေနိုင်ပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။
- အိပ်ပျော်စေနိုင်တယ်
ခွေးသေးပန်းပင်ရဲ့ နောက်ထပ် ကျန်းမာရေးအကျိုးကျေးဇူးကတော့ စိတ်ဖိစီးမှု ကင်းစေနိုင်ပြီး ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေတာပါ။ အိပ်မပျော် ဖြစ်နေသူတွေအတွက် အထူးသင့်တော်ပါတယ်။
ကဲ ….. အလေ့ကျပေါက်တဲ့ ခွေးသေးပန်းပင်က အခုလို ကျန်းမာရေးကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ ရောဂါအခံ ရှိသူတွေက ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။ အများကြီး မစားမိဖို့လည်း လိုပါမယ်။
Writer – Aye Thi Mon