ရေကို ချွေတာ သုံးစွဲပါ

နွေရောက်လာပြီဆိုရင် ကြားရမယ့် ကိစ္စက ရေရှားလာတာပါ။ ရန်ကုန်လိုနေရာမှာ တော်သေးပေမယ့် အထက်ပိုင်းအညာဒေသတွေမှာ ရေရှားတာက အတော်လေး ရိုက်ခတ်မှု ပြင်းတဲ့ ပြဿနာပါ။ ဒီပြဿနာကို တစ်ယောက်တစ်လက်နဲ့ ဝိုင်းကူလို့ ရပါတယ်။ ဒီလို ဝိုင်းကူနိုင်စေမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ နွေရာသီမှာ ရေကို ချွေတာ သုံးစွဲပါ ဆိုတာလေးကို အကောင်အထည် ဖော်ကြည့်ရအောင်နော်။

နွေရာသီမှာ ရေရှားတာ ပုံမှန်ပါပဲ

နွေရာသီမှာ ရေရှားတာကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာပါ။ ပြဿနာရှိရင် အဖြေရှိတယ်ဆိုတဲ့ စကားလိုပဲ ရေရှားတာကို ဖြေရှင်းလို့ ရပါတယ်။

ရေရှားတာ မဖြစ်စေဖို့အတွက် မြစ်တွေ ချောင်းတွေ မြေအောင်းရေတွေထဲကို ရေအရင်းအမြစ်တွေ ထည့်စိုက်တာမျိုး မလုပ်နိုင်ပေမယ့် တစ်ယောက်တစ်လက်နဲ့ ချွေတာပေးလို့တော့ ရပါတယ်။

  • နွေရာသီမှာ ရေကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်သလား
  • နွေရာသီမှာ ရေရှားပါးတာ၊ သန့်ရှင်းတဲ့ ရေကို မရရှိတာကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။
  • ဝမ်းပျက်ဝမ်းလျှောတာ
  • အရေပြားပြဿနာ
  • မျက်ခမ်းစပ်ရောဂါ
  • အော့အန်တာ
  • ဖျားနာတာ နဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတော်တော်များများကိုခံစားရနိုင်ပါတယ်။
  • နွေရာသီမှာ ရေချွေတာပါ
  • နွေရာသီမှာ ရေချွေတာပါ။ ပူပြင်းတဲ့နွေမှာ ရေပြတ်လပ်မှု ကင်းစေဖို့ အခုလိုလေး လုပ်ဆောင်ပေးလို့ ရပါတယ်။
  • ရေကို ခွက်သေးသေးနဲ့ ချိုးပါ
  • ရေချိုးတဲ့ ခွက်ကို အကြီးကြီး ထားတာမျိုး မလုပ်ဘဲ ခပ်သေးသေးလေးပဲ ထားပါ။ ဒါမှ မလိုအပ်ဘဲ ရေအလွန်အကျွံ သုံးမိတာမျိုး မဖြစ်မှာပါ။

ရေကို ချွေတာ သုံးစွဲပါ

နွေမှာ ရေရှားတာကြောင့် စိတ်မညစ်ရစေဖို့ အခုလိုလေး ရေကို ချွေတာ သုံးစွဲပါ လို့ အကြံပြုပါရစေ။

ဆန်ဆေးရေကို မသွန်ပစ်ပါနဲ့

ဆန်ဆေးရေကို ပန်းကန်း၊အိုးခွက် ရေကြမ်းဆေးလို့ ရသလို ပန်းပင်တွေကိုလည်း ရေလောင်းပေးလို့ ရပါတယ်။ ဒါကြောင့် ဇလုံသန့်သန့် တစ်ခုခုထဲမှာ ဆန်ဆေးရေလေးကို ထည့်ထားပြီး လိုသလို အသုံးပြုပေးပါ။

အဝတ်လျှော်ထားတဲ့ရေတွေ မသွန်ပါနဲ့

အဝတ်လျှော်ထားတဲ့ ဆပ်ပြာရည်ကို ရေချိုးခန်း၊ အိမ်သာတွေတိုက်ဆေးဖို့ သုံးလို့ရသလို ရေနယ်ထားတဲ့ရေကိုလည်း ရေချိုးခန်းနဲ့ အိမ်သာကို ရေသန့်ဆေးချပေးလို့ ရပါတယ်။

နွေရာသီမှာ ရေကို ချွေတာ တဲ့အနေနဲ့ အဝတ်ကို အဝတ်လျှော်စက်နဲ့ မလျှော်ဘဲ လက်နဲ့ပဲ လျှော်ပေးပါ။

ကလေးရေချိုးရေကို မသွန်ပါနဲ့

ဘေဘီလေးတွေကို ရေဇလုံထဲမှာ ချိုးပေးထားတဲ့ ရေတွေကို အဝတ်တွေ ဆပ်ပြာရည်စိမ်ဖို့ အသုံးပြုလို့ ရသလို အပင်တွေကို ရေလောင်းတာ၊ လိုအပ်တဲ့ ဆေးကြောမှုတွေမှာ ရေကြမ်းအနေနဲ့ အသုံးပြုပေးလို့ ရပါတယ်။

ဘုရားပန်းအိုးရေကို မသွန်ပါနဲ့

ဘုရားပန်းအိုး ညောင်ရေအိုးထဲက ရေတွေကို ပုံမှန် လဲလှယ်တဲ့အခါ ပန်းအိုးတွေ ဆေးကြောဖို့ ရေကြမ်းအနေနဲ့ သုံးပေးလို့ ရသလို အပင်တွေကို ရေလောင်းဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

အသီးအရွက်ဆေးရေကို မသွန်ပါနဲ့

အသီးအရွက် ဆေးထားတဲ့ ရေတွေကို အပင်ရေလောင်းတာအတွက် သုံးလို့ရသလို ပန်းကန်ဆေးတာအတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။

လက်ဆေးဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ ကြမ်းတိုက်ဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါသေးတယ်။

သောက်ရေကို လိုသလောက်ပဲ သောက်ပါ

နွေမှာ ရေဆာတာကြောင့် သောက်ရေက အရင်ကထက် ပိုလိုမှာပါ။ ဒီလို ရေသောက်တဲ့အခါမှာလည်း ရေကို ကုန်နိုင်သလောက်ပဲ ထည့်ပါ။ သွန်ပစ်တာမျိုး မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် ရေကို ဗူးလေးနဲ့ ထည့်ထားပြီး သောက်ပေးပါ။

အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေနဲ့ နွေပူပူမှာ ရေပြတ်လပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်လိုက်ရအောင်လား။ ကဲ …… အခြား ရေကို ချွေတာ တဲ့ အိမ်တွင်းနည်းလမ်းလေးတွေ ရှိရင်လည်း မျှဝေပေးခဲ့ဦးနော်။

Leave a Reply