ခဏလေးပဲဆိုပြီး ဘာမှမလိမ်းဘဲ မျက်နှာပြောင်နဲ့ ထွက်ပြီး ပြန်လာရင် ကိုယ့်မျက်နှာက သိသိသာသာကို မဲပြာပြီး လာပါတယ်။ ဒါက နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည် (UV rays) ကြောင့်ပါ။
ခရမ်းလွန်ရောင်ခြည်က အသားအရေကို မွဲခြောက်သွားစေတာ၊ ထိခိုက်ပျက်စီးစေတာ၊ အရေးအကြောင်းတွေ ထင်စေပြီး အိုမင်းရင့်ရော်စေတာတွေ ဖြစ်စေနိုင်ပါတယ်။
တကယ်တော့ ခရမ်းလွန်ရောင်ခြည်ဆိုတာ အလှအပကိုတင် ထိခိုက်စေတာ မဟုတ်ပါဘူး။ အရေပြားကင်ဆာ ဖြစ်စေနိုင်တဲ့အထိ သက်ရောက်မှုက ပြင်းလွန်းပါတယ်။
ခရမ်းလွန်ရောင်ခြည် (UV rays) ဒဏ် ကာကွယ်ကြမယ်
ဒီတော့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။ ဒီတော့ ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ဆိုရင်
အရိပ်ထဲမှာပဲ နေပါ – အသားအရေကို ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ဆိုရင် အကောင်းဆုံး နည်းလမ်း တစ်ခုက အရိပ်ထဲမှာ နေတာပါ။
လုံလုံခြုံခြုံ ဝတ်ဆင်ပါ – နေရောင်ထဲ ထွက်တဲ့အခါ ချည်သား အရောင်ဖျော့ဖျော့ ခပ်ပွပွချောင်ချောင် အဝတ်အစားတွေ ဝတ်ဆင်ပါ။ နေရောင်မထိလောက်အောင် သေချာ ဂရုစိုက်ပါ။
နေလောင်ကာခရင်မ် လိမ်းပါ – အပြင် မထွက်ခင်မှာ နေလောင်ကာ ခရင်မ်ကို နေရောင်ထိတွေ့နိုင်တဲ့ နေရာတိုင်းကို လိမ်းပေးတာကလည်း အရေပြားကို ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှု ကင်းအောင် ကာကွယ်ပေးနိုင်ပါတယ်။
ထီးဆောင်းပါ။ ဦးထုပ် ဆောင်းပါ – အပြင်ထွက်တဲ့အခါ နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှု ကင်းစေဖို့ ထီးဆောင်းတာ ၊ ဦးထုပ်ဆောင်းတာမျိုး လုပ်ပေးပါ။
မျက်မှန် တပ်ပါ – နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကိုတင် မဟုတ်ပါဘူး မျက်လုံးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နေပူထဲထွက်မယ်ဆိုရင် နေကာမျက်မှန် တပ်ဖို့ မမေ့ပါနဲ့။
နေ့ခင်းပိုင်း အပြင် မထွက်ပါနဲ့ – မနက် ၁၀နာရီမှ ညနေ ၄နာရီအတွင်း အချိန်ဟာ နေအပူဆုံးနဲ့ ခရမ်းလွန်ရောင်ခြည် ပြင်းထန်စွာ ကျရောက်နိုင်တဲ့ အချိန် ဖြစ်တဲ့အတွက် အဲ့ဒီအချိန်အတွင်း တတ်နိုင်သလောက် အပြင်ထွက်တာမျိုး မလုပ်ပါနဲ့။
နှုတ်ခမ်းကို ဂရုစိုက်ပါ – နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် နှုတ်ခမ်းသားတွေ ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် နေရောင်ထဲ ထွက်တော့မယ်ဆိုရင် SPF ပါတဲ့ နှုတ်ခမ်းနီ အဆီကို လိမ်းပေးပါ။
ခရမ်းလွန်ရောင်ခြည် (UV rays) တွေက အသားအရေကို ထိခိုက်စေနိုင်တာကြောင့် သေချာလေး ကာကွယ်နိုင်မှ တော်ကာကျမှာပါ။
နေ့စဉ်ဘဝမှာ အသုံးတည့်စေမယ့် စိတ်ဝင်စားဖွယ် Lifestyle အကြောင်းအရာတွေကို ဖတ်ရှုချင်တယ်ဆိုရင် Lo To Shin Media ရဲ့ Website နဲ့ Facebook Page တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။