ကိုဗစ်ကာကွယ်ဆေး ကို တစ်ကြိမ်ပဲ ထိုးမိမယ်ဆိုရင် ဘာဖြစ်နိုင်လဲ

ကိုဗစ် ကာကွယ်ဆေးတွေ အမျိုးမျိုး ကွဲပြားပေမယ့် ဆေးအမျိုးအစား အများစုကတော့ တစ်ကြိမ်တည်း ထိုးရတာ မဟုတ်ဘဲ နှစ်ကြိမ် ထိုးရတာပါ။ Jassen Covid-19 vaccine ကလွဲလို့ပေါ့။

လက်ရှိ ကိုယ့်အစီအစဉ်နဲ့ကိုယ် မြန်မာနိုင်ငံမှာ ထိုးလို့ရနေတဲ့ ကာကွယ်ဆေးတွေ ဖြစ်ကြတဲ့ Covidshield နဲ့ Sinopharm ကာကွယ်ဆေးတွေကတော့ ၂ ကြိမ် ထိုးရမယ့် ကာကွယ်ဆေးတွေပါ။

တစ်ကြိမ်မကတဲ့ ကာကွယ်ဆေးကို ထိုးတဲ့အခါ အဖြစ်များတဲ့ ကိစ္စလေးတစ်ခု ရှိပါတယ်။ ဒါကတော့ ကိုဗစ်ကာကွယ်ဆေး ထိုးတဲ့အခါ ကာကွယ်ဆေးကို ပထမ တစ်ကြိမ် ထိုးပြီး ဒုတိယ တစ်ကြိမ် ထပ် မထိုးဖြစ်တာပါ။

တကယ်ကတော့ နှစ်ကြိမ် ထိုးရတယ်ဆိုတဲ့ ကာကွယ်ဆေးတိုင်းက နှစ်ကြိမ် ထိုးမှ လုံလောက်စိတ်ချရမှာ မို့ပါ။ ကာကွယ်ဆေး ထိုးတဲ့အခါ ကာကွယ်ဆေးကို course ကုန်အောင် ထိုးဖို့ လိုတယ်လို့ ပြောရတာက ရောဂါတွေကို အထိရောက်ဆုံး ကာကွယ်ဖို့ပါ။

အခုလည်း ဒီလိုပါပဲ။ မျိုးဗီဇတွေ အဆင့်ဆင့်ပြောင်းရင်း လက္ခဏာတွေ ပြင်းထန်လာတဲ့ ကိုဗစ်ကို ကာကွယ်ဖို့ဆိုရင်လည်း ကာကွယ်ဆေးကို နှစ်ကြိမ်လုံး ထိုးဖို့လိုပါမယ်။

ဒါပေမယ့် ကာကွယ်ဆေးကို နှစ်ကြိမ်မပြည့်ဘဲ တစ်ကြိမ်တည်း ထိုးမိတဲ့အခါ ဘာတွေဖြစ်နိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ကာကွယ်ဆေးက ၂ ကြိမ်လို့ ပြောနေပေမယ့် ရောဂါပိုးက ဗီဇပြောင်းလာပြီး ကူးစက်နှုန်း မြန်လာတာတွေနဲ့ ပြင်းထန်လာတာကြောင့် အချို့နိုင်ငံတွေမှာ ၃ ကြိမ်ထိုးဖို့ တိုက်တွန်းနေတာမျိုးတွေ ရှိပါတယ်။

ကိုဗစ်ကို ကာကွယ်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်း တစ်ခု

အသက်ဆုံးရှုံးစေတဲ့အထိ ပြင်းထန်တဲ့ ကိုဗစ်ကို ကာကွယ်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်းတစ်ခုက ကာကွယ်ဆေး ထိုးနှံတာပါ။ ကာကွယ်ဆေးထိုးတာက ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်နိုင်မယ့် ကိုယ်ခံအားကို ရရှိစေမယ့် စိတ်အချရဆုံး နည်းလမ်းတစ်ခုပါ။

ကိုဗစ်ကို ကာကွယ်ဖို့ COVID-19 ကာကွယ်ဆေး ထိုးတဲ့အခါ အကောင်းဆုံး ကာကွယ်မှုကို ရရှိစေဖို့ ကာကွယ်ဆေးကို နှစ်ကြိမ်လုံး ပြည့်အောင်ထိုးဖို့ လိုပါမယ်။ ကိုယ်ခံအားဗေဒဆိုင်ရာ ပညာရှင်တွေကတော့ ဒီလို ကာကွယ်ဆေးနှစ်ကြိမ် ထိုးတာကို “prime-boosting” လို့ ခေါ်ပါတယ်။ ကာကွယ်ဆေးကို ပထမ တစ်ကြိမ် ထိုးပြီးတဲ့အခါ ၂၁ ရက် ဒါမှမဟုတ် ၂၈ ရက်ခြားပြီး ထိုးကြပါတယ်။

ဒီလို ကာကွယ်ဆေးထိုးတဲ့အခါ ပထမ တစ်ကြိမ်က ကိုယ်ခံအားကို ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ ပြင်ပက ဗိုင်းရပ်စ်ကို ရှာဖွေတတ်အောင် လေ့ကျင့်ပေးတာ ဖြစ်ပြီး ကိုယ်ခံအား အနေနဲ့ ဗိုင်းရပ်စ်ကို ခုခံတိုက်ထုတ်တတ်အောင် လေ့ကျင့်ချိန် ပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ချိန်မှာ ကိုယ်ခံအားက ဗိုင်းရပ်စ်ကို အကောင်းဆုံး တုံ့ပြန်နိုင်ဖို့ လေ့ကျင့်ခွင့်ရလိုက်ပါတယ်။ ဒါကြောင့်လည်း ကာကွယ်ဆေး ထိုးပြီးချိန်မှာ ဖျားချင်သလိုလို မအီမသာဖြစ်သလို ခံစားရတာပါ။

ကာကွယ်ဆေး ပထမ အကြိမ်မှာ တုံ့ပြန်ဖို့ အကောင်းဆုံး လေ့ကျင့်ခွင့်ရထားတဲ့ ကိုယ်ခံအား အနေနဲ့ ဒုတိယ အကြိမ် ကာကွယ်ဆေး ထိုးလိုက်ချိန်မှာ အားဖြည့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ ဒီလိုနဲ့ ကာကွယ်ဆေးကို ပထမ တစ်ကြိမ်ထိုးထားပြီး နှစ်စဉ် ဒါမှမဟုတ် ၅ နှစ် တစ်ကြိမ် ထပ်ဆောင်း ကာကွယ်ဆေးတွေ ထိုးနှံရင်း ခန္ဓာကိုယ် ကိုယ်ခံအားက ရောဂါပိုးတွေကို တုံ့ပြန်နိုင်ဖို့ အကောင်းဆုံး အားဖြည့်ရပါတယ်။

တုပ်ကွေးကာကွယ်ဆေး တစ်မျိုးကသာ နှစ်စဉ် တုပ်ကွေးဗိုင်းရပ်စ် မျိုးဗီဇ အသစ်တွေ ဖြစ်ပေါ်မှုကြောင့် တစ်နှစ် တစ်ကြိမ်ကို မတူညီတဲ့ ကာကွယ်ဆေးတွေ ထိုးရတာပါ။

ကိုဗစ်ကာကွယ်ဆေး ထိုးတဲ့အခါ နှစ်ကြိမ်လုံး ပြည့်ပါစေ

ဒါကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးတဲ့အခါ ဆေး နှစ်ကြိမ်လုံး ပြည့်ဖို့ လိုပါမယ်။ အကြောင်းကတော့ ဒုတိယအကြိမ် ထိုးရတဲ့ ကာကွယ်ဆေးက ကိုယ်ခံအားရဲ့ ခုခံနိုင်စွမ်းကို အကောင်းဆုံး မြှင့်တင်ပေးနိုင်လို့ပါ။

အမေရိကန် ပြည်ထောင်စု နဲ့ ယူကေမှာ အများစုက ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ကို မထိုးကြပါဘူး။ ကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးတာက ကျန်းမာရေးကို ထိခိုက်စေမှာ စိုးရိမ်တာကြောင့် ဆိုပေမယ့် တကယ်ကတော့ ကာကွယ်ဆေးကို ဒုတိယ အကြိမ် မထိုးတာကမှ စိုးရိမ်စရာကောင်းတဲ့ အခြေအနေပါ။

အစောပိုင်း လေ့လာမှုတွေအတွင်း ကာကွယ်ဆေးကို တစ်ကြိမ်ပဲ ထိုးသူတွေရဲ့ ကိုယ်ခံအား တုံ့ပြန်မှုနဲ့ နှစ်ကြိမ် ပြည့်အောင် ထိုးနှံထားသူတွေရဲ့ ကိုယ်ခံအား တုံ့ပြန်မှုကို နှိုင်းယှဉ် လေ့လာခဲ့ပါတယ်။

ရလဒ်တွေမှာတော့ ကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးပြီးတဲ့အခါ ခန္ဓာကိုယ်မှာ ဗိုင်းရပ်စ်ကို ခုခံတိုက်ထုတ်ဖို့ antibodies ပမာဏ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါက ဘာကို ပြသလဲဆိုတော့ ကာကွယ်ဆေးကို နှစ်ကြိမ် ထိုးနှံတာက ကာကွယ်ဆေးရဲ့ ထိရောက်နိုင်စွမ်းကို တိုးစေတယ်ဆိုတဲ့ အချက်ကိုပါ။

နားလည်လွယ်အောင် ပြောပြရရင် ကာကွယ်ဆေးကို ပထမ တစ်ကြိမ်ထိုးပြီး ဒုတိယ တစ်ကြိမ် မထိုးတဲ့အခါ လုံလောက်တဲ့ ကာကွယ်မှုကို မရတာမျိုးဖြစ်နိုင်သလို ကာကွယ်နိုင်စွမ်းက တက်မလာတာမျိုး ခံစားရနိုင်ပါတယ်။ အဆိုးဆုံးကတော့ ကိုယ်ခံအားရဲ့ ကာကွယ်နိုင်စွမ်း ကျသွားတာမျိုးတွေတောင် ရှိနေတာပါ။

မျိုးစိတ်တွေက အသစ်အသစ်တွေ ပေါ်လာနေတယ်ဆိုပေမယ့်လည်း အခုလက်ရှိ ထိုးနှံပေးနေတဲ့ ကာကွယ်ဆေးတွေကို ထိုးနှံတာက ကိုဗစ် မျိုးစိတ်သစ်တွေကိုလည်း အထိုက်အလျောက် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရ တွေ့ရပါတယ်။ ဒီလိုပြောရတာက ကာကွယ်ဆေး ထိုးနှံတဲ့ သုတေသန ပြုမှုတွေ အတွင်း မျိုးစိတ် တစ်မျိုးထဲကို စမ်းသပ်ခဲ့တာ မဟုတ်တာကြောင့်ပါ။

ဒါကြောင့် ကိုဗစ်ကို အကောင်းဆုံး ကာကွယ်နိုင်ဖို့ဆိုပြီး ကာကွယ်ဆေးကို ထိုးတဲ့အခါ အထိရောက်ဆုံးဖြစ်ဖို့ဆိုရင် နှစ်ကြိမ်လုံး ပြည့်အောင် ထိုးဖို့ လိုပါမယ်။

Writer – နော်ဖိုးမူဖော

Leave a Reply